Thursday, April 30, 2009

အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 21:32 - မြန်မာစံတော်ချိန်


ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင်
၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့များနှင့်
အလုပ်အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီပါတီ
ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊
လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်သည့်
စုံညီအစည်းအဝေးအပြီး ထွက်ပေါ်လာသည့် အန်အယ်ဒီ၏ ရွှေဂုံတိုင်လမ်း အမည်ရှိ
ကြေညာစာတမ်းကို တင်ပြလိုက်ပါသည်။

စုံညီ အစည်းအဝေးတွင် စည်းရုံးရေးဆိုင်ရာ စာတမ်းကို ဦးဆောင်ရေးဆွဲ
တင်သွင်းသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတိုင်ပင်ခံ လုပ်ငန်းအဖွဲ့ဝင်
ဦးအုံးကြိုင်က မဇ္ဈိမသတင်းထောက် ကိုဝိုင်းကို ဖတ်ကြားပြခဲ့ခြင်း
ဖြစ်ပါသည်။

-------------------------------

ယနေ့ စုံညီအစည်းအဝေးအပြီးတွင် တက်ရောက်သူအားလုံးမှ အများဆန္ဒနှင့်အညီ
ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ရပ်တည်ချက်များကို ဖော်ပြထားသော -
ရွှေဂုံတိုင်ကြေငြာစာတမ်း -

ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်ထောင်စု
မြန်မာနိုင်ငံကို ပြည်သူလူထုအပေါင်း မျှော်မှန်းထားသည့်အတိုင်း
ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်သွားရေး ကြိုးပမ်းရာတွင်
လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျတ်အတည်းများ အားလုံးကို
ဖြေရှင်းနိုင်ရန် ရည်ရွယ်လျက် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊
ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ဝင်များ၊ ယနေ့ထက်တိုင်
အဖွဲ့ချုပ်နှင့်အတူတကွ ရပ်တည်နေကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊
အမျိုးသမီးလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း
ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့
အနောက်ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ် အစည်းအဝေးခမ်းမ၌ ၂ဝဝ၉ ခုနှစ် ဧပြီလ
၂၈-၂၉ ရက်နေ့များတွင် နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်တင်ပြခြင်း၊
အခြေအနေအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးညှနှိုင်းခဲ့ကြသည်။ ယင်းသို့
ဆွေးနွေးရာတွင် ပြဿနာအားလုံး ပြေလည်သွားစေရေး အကောင်းဆုံးနည်းလမ်းဖြစ်သော
တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရေးအတွက် အခြေအနေကောင်းများ
ဖန်တီးပေးနိုင်မည့် အစီအစဉ်များကို အများသဘောတူညီကြသည့်အလျောက်
ပြည်သူလူထုအား အသိပေးနိုင်ရန် ဤ ရွှေဂုံတိုင်ကြေငြာစာတမ်းကို
ထုတ်ပြန်ကြေငြာလိုက်သည်။

အဖွဲ့ချုပ်သည် နိုင်ငံ၏ ပြည်သူလူထုအကျိုးကို ရှေ့ရှုလျက်
လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျပ်အတည်းများဖြစ်သည့် ဦးတင်ဦး၊
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ
အမြန်ဆုံးလွှတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊
တိုင်းရင်းသားလူမျိုးများအားလုံး အခွင့်အရေးတန်းတူညီမျှမှုကို အခြေခံသည့်
စစ်မှန်သော ပြည်ထောင်စုကြီး တည်ဆောက်ရေး၊ ၁၉၉ဝ ပြည့်နှစ်
ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့်
အသိအမှတ်ပြုရေးတို့သည် လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများဖြစ်သည်ဟု
ယူဆသည်။ ဤကိစ္စများအပေါ် အဖွဲ့ချုပ်၏ ရပ်တည်ချက်များမှာ -

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး
ခြွင်းချက်မရှိ လွှတ်ပေးရေး။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြန်လည်ပြင်ဆင်ရေး။

ဒီမိုကရေစီနိုင်ငံတော်အသစ်တရပ် တည်ဆောက်ရန် ဒီမိုကရေစီမူများအပေါ်
အခြေခံသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် လိုအပ်သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏
အာဏာတည်ခြင်းမရှိသေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) တွင်
ဒီမိုကရေစီအခြေခံမူဝါဒများနှင့် မကိုက်ညီသည့်အချက်များ ပါဝင်နေသည်။
ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ အပါအဝင် ပြည်သူအပေါင်း (…..)
ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာစေရန် အထူးလိုအပ်သည်။

(ဂ) စည်းရုံးရေး။

တိုင်းရင်းသားလူမျိုးများတစ်စုတစ်ဝေးတည်း နေထိုင်လျက်ရှိသည့်
ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအားလုံး အခွင့်အရေး
တန်းတူညီမျှမှု၊ တဦးပေါ်တဦး ဖြူစင်သောစေတနာ ထားနိုင်မှုတို့ကို အခြေခံသော
ညီညွတ်မှု တည်ဆောက်ရမည်။ (…..) ရေခံမြေခံကောင်းတွင်သာ စစ်မှန်သော
ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးနိုင်ပေမည်။ ထို့ကြောင့်
နိုင်ငံရေးပါတီများအားလုံး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရှိရမည်။
သို့ဖြစ်ရာ ၂ဝဝ၃ ခုနှစ် မေလ ၃၁ ရက်နေ့မှ စတင်ကာ ယာယီဟုဆိုပြီး
ချိတ်ပိတ်ထားခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်နယ်-တိုင်း
စည်းရုံးရေးအဖွဲ့ ရုံးများ၊ မြို့နယ်စည်းရုံးရေး အဖွဲ့ရုံးများနှင့်
တိုင်းရင်းသား နိုင်ငံရေးပါတီ (ရုံး) များကို အမြန်ဆုံးဖွင့်ပေးရန်
လိုအပ်သည်။

(ဃ) ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို
အသိအမှတ်ပြုရေး။

ယနေ့ကာလတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) နှင့်အညီ ၁၉၉ဝ
ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့်
အသိအမှတ်ပြုရေး စီစဉ်ဆောင်ရွက်ရန် အထူးလိုအပ်နေသည်။ သို့မှသာ ဒီမိုကရေစီ၏
အစဉ်အလာကောင်းများကို ထိန်းသိမ်းရာ ရောက်ပေမည်။ သို့မဟုတ်ပါက နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အနေဖြင့် မိမိပြဋ္ဌာန်းထားသော
ဥပဒေကို မိမိကိုယ်တိုင် ချိုးဖောက်ရာ ရောက်ရှိနေပေလိမ့်မည်။

(င) တွေ့ဆုံဆွေးနွေးရေး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို (၁၉၈၈)
ခု ကတည်းကစ၍ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း
နိုင်ငံရေးလိုအပ်ချက်အရ ပြောင်းလွယ်ပြင်လွယ် သဘောထားဖြင့်
ဆောင်ရွက်နိုင်စွမ်းရှိသည်ဆိုသော အချက်ကို အောက်ပါအတိုင်း
ပွင့်ပွင့်လင်းလင်း ပြောကြားထားခဲ့ပြီးဖြစ်သည်။

“မြန်မာပြည်သူလူထုအတွက် အကျိုးပြုမယ့် ရလဒ်ကောင်းရဖို့ဆိုရင် ကျမတို့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်သာ ပြောင်းသာစွာနဲ့
တွေ့ဆုံဆွေးနွေးမယ်လို့ မကြာခဏ ပြောထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို
တွေ့ဆုံဆွေးနွေးတာဟာ အဖွဲ့ချုပ်ကောင်းစားဖို့ ဦးတည်ဆွေးနွေးမှုမျိုး
မဖြစ်သင့်သလို အာဏာပိုင်များကောင်းစားဖို့ ဦးတည်ဆွေးနွေးတာမျိုးလည်း
မဖြစ်သင့်ပါဘူး။ မြန်မာပြည်သူလူထု ကောင်းစားရေးအတွက် ဦးတည်ရလိမ့်မယ်” ဟု
ပြောထားပြီးဖြစ်သည်။

သို့ဖြစ်ရာ လက်ငင်းကြုံတွေ့နေရသော ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရန်
တွေ့ဆုံဆွေးနွေးပွဲများ မဖြစ်မနေကျင်းပရေး စီစဉ်ဆောင်ရွက်ပါရန်
အဖွဲ့ချုပ်က ရိုးသားဖြူစင်စွာ စိတ်ကောင်းစေတနာဖြင့်
ထပ်မံတိုက်တွန်းလိုက်သည်။

အဖွဲ့ချုပ်က မျှော်မှန်းထားသော ဆွေးနွေးပွဲ အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကြိုတင်စည်းကမ်း သတ်မှတ်ထားခြင်း မရှိသော တွေ့ဆုံဆွေးနွေးပွဲကို
ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကာ
အပြန်အလှန်လေးစားမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်မှုကို အခြေခံထားသည့်
တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပရန်

(၂) ဆွေးနွေးပွဲများတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊
တိုင်းရင်းသားများအားလုံး တန်းတူညီမျှ အခွင့်အရေးများရရှိရေး၊
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး
ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ကို
ပြန်လည်သုံးသပ်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော
ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ရေး၊ နောင်လာမည့်
ရွေးကောက်ပွဲများအရေး၊ လက်ရှိပြည်သူလူထု ဘဝအခြေအနေများ တိုးတက်
ကောင်းမွန်လာစေရေး စသည်တို့ ပါဝင်သည်။

(၃) ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုချက်
ရယူခြင်းဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို
အသိအမှတ်ပြုရာရောက်အောင် စီစဉ်ရမည်။

(၄) လွှတ်တော်က အတည်ပြုပြီးဖြစ်သော သဘောတူ ဆုံးဖြတ်ချက်များအရ
ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေးလမ်းကြောင်းအတိုင်း
သက်ဆိုင်သူများအားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း
ဆက်လက်ဖော်ဆောင်သွားရန် တို့ ဖြစ်သည်။

(စ) နောင်ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲဆိုင်ရာ သဘောထား။

အဖွဲ့ချုပ်သည် ဖော်ပြပါ (…) ပြဿနာများကို တွေ့ဆုံဆွေးနွေး
ဖြေရှင်းခြင်းဖြင့်သာ ရေရှည်တည်တံ့မည့် နိုင်ငံရေးတည်ငြိမ်မှု၊
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သည်။ နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီအနေဖြင့်
တွေ့ဆုံဆွေးနွေးဖြေရှင်း ပြေလည်ရေးဆီသို့ မျက်နှာမမူဘဲလျက် နောင်လာမည့်
ရွေးကောက်ပွဲကို တဖက်သတ် အစီအစဉ်ဖြင့် ကျင်းပခဲ့လျှင် အဖွဲ့ချုပ်က
မည်သို့ ရပ်တည်သွားမည်ဆိုသည်ကို ပြည်သူလူထုအား အသိပေးရမည်ဖြစ်သည်။

ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲကို ဖြတ်သန်းရမည့် မှတ်တိုင်တခု
ဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထားသည်။ အဖွဲ့ချုပ်သည် ဒီမိုကရေစီတိုက်ပွဲကို
စွန့်ခွာမည်မဟုတ်။ အဖွဲ့ချုပ်သည် မည်သည့်အခြေအနေတွင်မဆို ပြည်သူလူထုနှင့်
တသားတည်း ရှိနေမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက
နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိအစီအစဉ်ဖြင့် တဖက်သတ်
ကျင်းပမည်ဆိုပါက -

(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး
ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်

(၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့်
မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်

(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော
ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက်
ကျင်းပမည်ဆိုလျှင် - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု
တရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး မျှော်မှန်း၍
ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်
ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး
အထူးကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို
ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို
အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။

Source: Mizzima News

No comments: