Friday, March 20, 2009

စန်းရှင်း (Sanction) လိုအပ်သေးကြောင်း ထပ်မံငြင်းခုံခြင်း

မြန်မာပြည်ကို အနောက်နိုင်ငံအစိုးရများမှ စန်းရှင်းလို့ခေါ်တဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူထားတာ ဆယ်စုနှစ် တခု ကျော်ခဲ့ ပါပြီ။ ဒီဆယ်နှစ်ကျော် ကာလနောက်ပိုင်းမှာ အငြင်းပွားနေကြတာတွေလဲ နေရာအနှံ့မှာ ရှု့ထောင့်မျိုးစုံနဲ့ ရှိနေပါတယ်။ စစ် အစိုးရကို အခုလို စီးပွားရေးအရ ပိတ်ဆို့တာနဲ့ ပတ်သက်ပြီး ထောက်ခံသူတွေရှိသလို ကန့်ကွက် သူတွေလည်း ရှိနေပါတယ်။


Ko Zaw Min

အသစ်တက်လာတဲ့ အမရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်က အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သူတို့ရဲ့ ပေါ်လစီများကို ပြန်လည်လေ့လောသုံးသပ်မယ်လို့ တလောတုံးက ပြောခဲ့ပါတယ်။ သူတို့ အမေရိကန် တွေရဲ့ ပေါ်လစီ တွေဟာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် အမှန်တကယ် လက်တွေ့ကျမကျ ဆိုတာကို ပြန်လည်သုံးသပ် မယ်လို့ ဆိုလိုက်တာ လည်း ဖြစ်ပါတယ်။ သို့သော် မစ္စကလင်တန်က အမေရိကန်တွေ အနေနဲ့ စစ်အစိုးရအပေါ် စီးပွားရေးအရပိတ်ဆို့အရေးယူတဲ့ သူတို့ရဲ့ ပေါ်လစီကို ပြောင်းမယ်လို့တော့ အတိအလင်း မပြောသေးပါဘူး။ အဲသလို အသံများထွက်လာတာနဲ့ တပြိုင်တည်း ဆိုသလို စီးပွားရေးပိတ်ဆို့ အရေးယူမှုဟာ မြန်မာပြည်အတွက် အလုပ်မဖြစ်ဘူး ဆိုတဲ့ လူပုဂ္ဂိုလ်များက အမေရိကန်တွေတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူတို့ ပေါ်လစီကို ပြောင်းတော့မယ်လို့ ဝမ်းသာ အားရဖြစ်ကြပါတယ်။

တကယ်တန်း ပြောရရင် အမေရိကန်က မြန်မာစစ်အစိုးရကို စီးပွားရေးအရ ပိတ်ဆို့အရေးယူတဲ့ ပေါ်လစီကို ချမှတ်ခဲ့ပေမဲ့ ဒီလို ပိတ်ဆို့အရေးယူခြင်းဟာ ပြီးပြည့်စုံတဲ့ ပိတ်ဆို့မှု မဟုတ်ခဲ့ပါဘူး။ အခြေခံအားဖြင့် ဆိုရရင် နောက်ထပ် ရင်းနှီးမြုတ်နှံမှု အသစ် မလုပ်ဖို့ဆိုတဲ့ ဖြစ်စဉ်အောက်မှပဲ သွားခဲ့တာဖြစ်ပါတယ်။ ရှိထားပြီးသား ရင်းနှီးမြုတ်နှံမှုတွေ အတွက် အကြုံးမဝင်ပါ။

တရုတ်တို့၊ အိန္ဒိတို့၊ ထိုင်းနိုင်ငံတို့၊ မလေးရှားတို့၊ စင်္ကာပူတို့နဲ့ စီးပွားရေးအရ အချိတ်အဆက်တွေ ရှိနေတဲ့အတွက် မြန်မာ စစ် အစိုးရက ဒီပိတ်ဆို့မှုကို မမှုပါဘူးလို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တဖက်မှာ ပြန်တွက်ကြည့်ပြန် တော့လည်း မြန်မာ စစ်အစိုးရအတွက်တော့ ဒီလို စီးပွါေးရးအရ ပိတ်ဆို့ခံရခြင်းဟာ အထိနာတာတော့ အမှန်ပါဘဲ။ ဒါကြောင့် ကုလ အထူး ကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို နောက်ဆုံးတခေါက် လာတော့ မြန်မာဗိုလ်ချုပ်များက သူတို့အပေါ် စီးပွားရေး အရ ပိတ်ဆို့ထားတာတွေ ပြန်ရုပ်သိမ်းဖို့ အနောက်နိုင်ငံတွေကို တိုက်တွန်းပေးပါလို့ ပြောခဲ့ပါတယ်။ ဒါဟာ ဘာကိုပြသလဲ ဆိုရင် အမေရိကန် အပါအဝင် ဥရောပနိုင်ငံများရဲ့ ပိတ်ဆို့မှုဟာ စစ်ဗိုလ်ချုပ်များအဖို့ အထိနာတယ်ဆိုတာကို ပြဆိုနေတဲ့ အထောက်အထားပါ။

ကနေ့ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံထက် အလွန့်အလွန်သာလွန်ပြီး စီးပွားရေးကောင်းနေတဲ့ နိုင်ငံများ၊ အရှေ့အာရှမှာ တရုတ်အပါအဝင် စီးပွားရေး သိပ်တိုးတက် သိပ်ကောင်းနေတဲ့နိုင်ငံများ ရှိနေကြပါတယ်။ အဆိုပါ နိုင်ငံများဟာ အိမ်နီးခြင်း ကုန်သွယ်ရေးလောက်နဲ့ အခုလို တိုးတက်လာနေတာ မဟုတ်ပါ။ တကမ္ဘာလုံးနဲ့ ကုန်သွယ် နေလို့သာဖြစ်ပါတယ်။ အထူး သဖြင့် အမေရိကန်ဈေးကွက်နဲ့ ဥရောပနိုင်ငံများဈေးကွက်များမှာ မဖြစ်မနေ ကူးသန်းပြီး ရောင်းဝယ် ဖောက်ကားနေရပါ တယ်။

ဆိုလိုခြင်တာကတော့ ရိုးရိုးပါဘဲ။ နဂိုထက်ပိုပြီး ချမ်းသာတိုးတက်ခြင်ရင် ကိုယ့်ထက်ချမ်းသာတဲ့ သူများနဲ့ ဆက်ဆံ ရောင်း ဝယ် ဖောက်ကားဖို့လိုပါတယ်။ နုတ်ခမ်းပဲ့ခြင်း မီးမှုတ်နေလို့ကတော့ ဒုံရင်းပဲ ရှိမှာပါ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ ပြောဖို့ တခုရှိပါတယ်။ ချမ်းသာခြင်ရင် မိမိထက် ချမ်းသာတိုးတက်ပြီးသား မိမိထက် အခြေခိုင်တဲ့ အရင်းရှင် နိုင်ငံများနဲ့ အဆင် ပြေဖို့လိုပါတယ်။ တရုတ်အစိုးရ သည်ပင်လျှင် အထက်က ပြောခဲ့တဲ့ ဈေးကွက်များနဲ့ ကင်းနိုင်ခြင်း မရှိပါဘူး။ ပြန်ကောက်ရမယ် ဆိုရင် မြန်မာစစ်အစိုးရရယ်၊ စစ်အစိုးရနဲ့ အလွမ်းသင့်တဲ့ လူတွေရယ် ပြောနေသလို အိမ်နီး ခြင်းနိုင်ငံများနဲ့ စီးပွားရေးအရ ကုန်သွယ်ခြင်းဖြင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံအစိုးများကို ဂရုစိုက်စရာ မလိုဘူး ဆိုတာ တကယ်တော့ မဟုတ်ပါ။ နိုင်ငံရေးအရ ကစားတဲ့နေရာမှာ (သို့) နိုင်ငံတကာ အစည်းအဝေးများနဲ့ ကွန်ဖရင့်တွေမှာ နိုင်ငံရေးလက်နက် တခုအနေနဲ့ ထည့်သွင်း အသုံးချခြင်းထက် မပိုပါ။

ကောင်းပါပြီ။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့တာကို ရုတ်သိမ်းလိုက်ပြီ ဆိုပါစို့။ အဲသည့်အတွက် မြန်မာပြည်မှာ နိုင်ငံခြား ကုမ္ပဏီတွေလိမ့်ဝင်လာပြီ ဆိုပါစို့။ မြန်မာပြည်သူ ပြည်သားတွေ ထီပေါက်သလို အဆင်ပြေလာ မယ်လို့ ဘယ်သူတွေက အာမခံမှာလဲ။ နိုင်ငံခြားကုမ္ပဏီတွေ အများအပြား ရောက်လာကြလို့ နှစ်အနည်းငယ်အတွင်း စီးပွား ရေးဦးမော့လာမယ်လို့ ဘယ်လိုပြောနိုင်မလဲ။

နိုင်ငံခြားရင်းနှီးမြုတ်နှံမှုများ ပိုများလာလို့ ပိုပြီးစီးပွားရေးကောင်းလာမှာထက် လက်ရှိတည်ရှိနေတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေရေး ယဉ်ကျေးမှုတွေအပေါ်ကနေ တွက်ထုတ်လိုက်ရင် ပိုတောင်ဆိုးလာဦးမယ်လို့ ရဲရဲကြီး ပြောလိုက် ပါ့မယ်။

ရှင်းပါအံ့။ မြန်မာပြည်မှာ အုပ်ချုပ်ရေးအဆင့်အတန်း အလွန်နိမ့်ပါတယ်။ စစ်တပ်ကပဲ နေရာတိုင်းမှာ အုပ်ချုပ် နေပါတယ်။ ဒါကြောင့် ဘာလုပ်လုပ် အုပ်ချုပ်သူလူတိုင်းကို ကြောက်နေရသလို လာဘ်ပေးလာဘ်ယူ များကလည်း ကြောက်ခမန်းလိလိ ကြီးမားလွန်းပါတယ်။ ဥပဒေရေးရာကို ကြည့်ပြန်တော့လည်း ဥပဒေစိုးမိုးမှု လုံးလုံးမရှိပါ။ ကိုယ်နဲ့ မတဲ့သူမှန်သမျှ ပြိုင်ဖက် မှန်သမျှကို အပြုတ်တိုက်ဖို့ ဥပဒေလက်လွတ် ဖြိုခွင်းတဲ့နည်းကို သုံးပါတယ်။ ဒေါ်ဝင်းဝင်းနုရဲ့ မန္တလေးဘီယာစက်ရုံကို စစ်တပ်နဲ့ ဝင်သိမ်းခဲ့တာကို ပြန်ကြည့်နိုင်ပါတယ်။ ကိုယ်ရဲ့စီးပွားဖက်များကြတော့ လိုသလို အခွင့်ထူးတွေကို ပေးထားပြီး ကြိုက်တဲ့ စီးပွား ရေးကို ကြိုက်သလို လုပ်ခွင့်ပေးပါတယ်။ နောက်အရေးကြီးတဲ့ အချက်တခုကတော့ နိုင်ငံတခုမှာ မရှိ မဖြစ်လိုအပ်တဲ့ နိုင်ငံ တကာ အဆင့်မှီ အပေါ်ထပ်အဆောက်အဦ (လမ်း၊ တံတား၊ လေဆိပ်၊ ရေဆိပ်၊ လျှပ်စစ်စွမ်းအင် အစရှိဖြင့်) မရှိပါဘူး။ နောက်အဆိုးဆုံး အချက်ကတော့ တည်ငြိမ်တဲ့ ငွေကြေးစနစ်မရှိတဲ့ ကိစ္စပါ။ အခုအထိ အမေရိကန် (၁) ဒေါ်လာရဲ့ ပေါက်ဈေး ဟာ ခြောက်ကျပ်ဝန်းကျင်မှာဘဲ ရှိနေပါသေးတယ်။

အခုလက်ရှိ အခြေအနေမှာ အုပ်ချုပ်ရေးနှင့် ဥပဒေရေးတို့ ဖြစ်ခြင်သလို ဖြစ်နေတော့ ဗိုလ်ချုပ်များနဲ့ အလွမ်းသင့်တဲ့ စီးပွားရေး ကုမ္ပဏီတွေက လုပ်ခြင်သလို လုပ်ပါတယ်။ အရှည်ကိုမကြည့်ပါ။ ဥပမာတခုအနေနဲ့ တင်ပြရရင် တေဇရဲ့ သစ်ကုမ္ပဏီကို ရှမ်း ပြည်အတွင်း သစ်တန်တသိန်း ခုတ်ခွင့်ပေးလိုက်ခြင်းပါဘဲ။ သဘာဝအရင်းအမြစ်တွေကို စနစ်တကျ ဘယ်လို ထုတ်ယူသုံးစွဲ ရမလဲဆိုတာကို ဂရုစိုက်ခြင်းမရှိပါ။ မိမိနဲ့ အဆင်ပြေတဲ့ ဗိုလ်ချုပ်များ အုပ်ချုပ်နေစဉ်၊ အာဏာ ရှိနေစဉ်မှာ ရသလောက် ညှစ်ယူထားဖို့က စီးပွားရေးသမားများရဲ့ အမြင်ပါ။ သူတို့ဖက်က ကြည့်ရင်လည်း ဗိုလ်ချုပ်တွေ အချင်းချင်း အာဏာလုလို့ သူတို့ဖက်ကဗိုလ်ချုပ်တွေ ရှုံးနိမ့်ခဲ့ရင် အရင်လက်ထက် မှာတုံးက ရထားတဲ့ အခွင့်အရေးတွေ ပိတ်သွားနိုင်ပါတယ်။ အဲသည် တော့ မိုးရွာတုံးရေခံကြဟေ့ ဆိုတဲ့မူကို လက်ကိုင်ထားပြီး စီးပွားရေးသမားများကလည်း လုပ်ကြပါတယ်။

အဲသည်တော့ အခုလိုအချိန်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက သူတို့ရဲ့ စီးပွားရေးပိတ်ဆို့မှု ပေါ်လစီတွေကို ပြန်လည်ရုပ် သိမ်းပြီး သူတို့ရဲ့ကုမ္ပဏီများ မြန်မာပြည်ကို သွားစေလုပ်စေဆိုပြီး ခွင့်ပြုလိုက်တယ်ဆိုပါစို့။

အရင်ဆုံး အမြတ်မရဘဲ နှစ်နာမှာက မြန်မာပြည်သားတွေသာ ဖြစ်ပါတယ်။ လာသမျှ နိုင်ငံခြားကုမ္ပဏီတွေ အရည် ညှစ်သွား တာကို တိုင်းပြည်ကခံရမှာပါ။ ဒါဟာ အုပ်ချုပ်ရေးနှင့် ဥပဒေရေးတို့ ဖြစ်ခြင်သလိုဖြစ်နေတဲ့ အခြေအနေကြောင့်ပါ။ စနစ် ပျက်နေတဲ့ တိုင်းပြည်မှာ ဘယ်လိုနိုင်ငံခြား ရင်းနှီးမြုတ်နှံ့မှုတွေ လာလာ လူတစုကလွဲလို့ တိုင်းသူပြည်သားများ အကျိုးခံစား ရမှာ မဟုတ်ပါ။ ပြောရရင် လေးငါးနှစ်လောက်အတွင်းမှာ မြန်မာပြည်ရဲ့ သဘာဝရင်းမြစ်တွေ ကုန်ခမ်း သွား ပါလိမ့်မယ်။ ရတုန်းယူထားတဲ့ဆို့ ခေတ်ကြီးမှာ လုပ်ရတဲ့ စီးပွားရေးမို့ ဘယ်စီးပွားရေး သမားကမှ သဘာဝအရင်းအမြစ် တွေကို ထိန်း သိမ်း ပြီး စနစ်တကျလုပ်မယ်လို့ မထင်လိုက်ပါနဲ့။ စီးပွားရေးသမား ဆိုတာ ဗမာဖြစ်ဖြစ် နိုင်ငံခြားသားဖြစ်ဖြစ် အတူတူပါဘဲ။ လူတစုအတွက် ကောင်းပေမဲ့ လူများစုအဖို့ အကျိုးထိခိုက်ပါတယ်။

ဒီနေရာမှာ ပြောလိုတာက နိုင်ငံရေးမဟုတ်ပါ။ အတိုက်ခံဒီမိုကရေစီ အုပ်စုများကို ထောက်ခံလို့ သူတို့ပေါ်လစီကို ကြိုက်လို့ စီးပွားရေးပိတ်ဆို့ခြင်းကို ထောက်ခံနေခြင်း မဟုတ်ပါ။ ကိုယ့်ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိမလဲ။ အကောင်း ထက် အပျက်ကပိုများလာနိုင်သလား (သို့) အပျက်ထက် အကောင်းတွေဘဲ ပေါ်လာ မလားဆိုတာကို ကြိုတင်တွက်ချက်ဖို့ လိုတာမို့ တင်ပြခြင်းသာ ဖြစ်ပါတယ်။

ထပ်မံဖြည့်စွက်လိုတဲ့ အခြားအချက်များလည်း ရှိပါသေးတယ်။ ဒါကတော့ ဥပမာအားဖြင့် တေဇကုမ္ပဏီဟာ မြန်မာ ကုမ္ပဏီ ဖြစ်ပါတယ်။ မြန်မာကုမ္ပဏီတခုက ရှမ်းပြည်အတွင်းက ရှမ်းလူထုတွေ နှစ်အတီအတေ ကတည်းက ပိုင်ဆိုင်လာတဲ့ သစ်တော တွေကို ဝင်ပြီးခုတ်ခြင်သလို ခုတ်သွားတာ မတရားပါဘူး။ ကိုယ်ကျင့်သိက္ခာအရ မှားယွင်းပါတယ်။ ရှမ်းလူထုရဲ့ သဘာဝအရင်း အမြစ်ကို ရှမ်းလူထုကသာ အဆုံးအဖြတ် ပေးရမှာဖြစ်ပါတယ်။ သို့သော်လည်း အုပ်ချုပ်ရေးနဲ့ ဥပဒေရေး တွေ ဖြစ်ချင်သလို ဖြစ်နေတဲ့ အချိန်မှာ ရှမ်းလူထုဟာ လက်မှိုင်ခြပြီး ထိုင်ကြည့် နေရတာကလွဲလို့ ဘာများတတ်နိုင်ပါ့မလဲ။ ဥပမာ တခုအနေနဲ့ ရှမ်းကုမ္ပဏီတခုက နိုင်ငံခြားမှာ ရောင်းရင် ဝင်ငွေကောင်းလို့ဆိုပြီး မြန်မာပြည်အလယ်ပိုင်းက ကုက္ကိုပင် တွေကို အလုံးအရင်းနဲ့ ခုတ်ချင်သလို လာခုတ်မယ်ဆိုရင် မြန်မာတွေ ဘယ်လိုခံစားရမလဲ။ ကိုယ်ချင်းစာတတ်ဖို့လိုပါတယ်။ အဲသလိုပါပဲ ကျန်နေတဲ့ တိုင်းရင်းသား ပြည်နယ်များက အရင်းအမြစ်တွေကို ထုတ်ယူ၊ သုံးစွဲ၊ ရောင်းခြမယ်ဆိုရင် အဆိုပါ တိုင်းရင်းသားလူထုရဲ့ အဆုံး အဖြတ်နဲ့သာ ပြုလုပ်ခြင်းက ရေရှည်အနာဂတ် ပြည်ထောင်စုအတွက် ပိုကောင်းပါလိမ့်မယ်။

နောက်တချက်ကတော့ စွမ်းအင်ကိစ္စပါ။ အခုရနေတဲ့ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားအကုန်ထုတ်ပြီး ရောင်းတာထက် နိုင်ငံ သားတွေ အလုပ်လုပ်ဖို့ ကုန်ထုတ်လုပ်ဖို့ သုံးစွဲခွင့်ပေးဖို့လိုပါတယ်။ ဥပမာအားဖြင့် ငါးလုပ်ငန်းက နိုင်ငံခြားကို ငါးတွေတင်ပို့ မယ် ဆိုပါစို့။ မတင်ပို့ခင်စပ်ကြား ငါးတွေပုတ်မကုန်အောင် အအေးခန်းကြီးတွေနဲ့ ထားရပါတယ်။ သို့သော် မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင်ကို လုံလောက်အောင် မစီမံပေးနိုင်လို့ ဒီဇယ်အင်ဂျင်ကြီးများနဲ့ အဲသည့် အအေးခန်းများကို လည်ပတ်ရပါ တယ်။ ဒီဇယ်ဖိုး ထပ်ကုန်တဲ့အတွက် ထိုငါးများပုဇွန်များကို နိုင်ငံခြားပို့တဲ့အခါမှာ မြတ်သင့်သလောက် အမြတ် မကျန် တော့ပါ။ ဒီကြားထဲမှာလည်း အုပ်ချုပ်စီမံခန့်ခွဲရေး ပျက်စီးယိုယွင်း နေတဲ့အတွက် ငါးတွေ နိုင်ငံခြား မပို့ခင်မှာ ဟိုပေး သည်ကမ်း လုပ်ရတဲ့အတွက် ကုန်ကြစရိတ် ထပ်တက်လာပါတယ်။

အခုနေအခါမှာ စီးပွားရေးပိတ်ဆို့မှုတွေ မရှိတော့ဘူး ဆိုပါစို့။ နိုင်ငံခြားရင်းနှီး မြုတ်နှံမှုတွေလည်း တပြုံကြီးဝင်လာ ကြပြီ ဆိုပါစို့။ သူတို့အရင်လုပ်မှာက ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုး ဖြစ်မယ်ထင်ပါသလဲ။ ခေတ်မှီစက်ရုံတွေ ထောင်ပြီးလုပ်မယ် လို့ ထင်ပါသလား။ မထင်ပါခင်ဗျားလို့သာ ပြန်ပြောရမှာပါ။ မြန်မာပြည်ဟာ ဘာမှအဆင်သင့် မဖြစ်သေးတဲ့ နိုင်ငံဖြစ်တာမို့ စက်မှုလုပ်ငန်းထွေထက် သဘာဝ အရင်းအမြစ်တွေကို တိုက်ရိုက် ထုတ်ယူ ရောင်းစားလိုတဲ့ ကုမ္ပဏီတွေကသာ အများစု ဖြစ်ပါလိမ့်မယ်။ အဲတာက အရင်းနည်းပြီး အချိန်တိုတိုအတွင်းမှာ အမြတ်များလို့ဘဲ ဖြစ်ပါတယ်။ သဘာဝ အရင်းအမြစ်တွေ ဖြစ်တဲ့ သစ်တောများကို ခုတ်ယူခြင်း ရောင်းခြခြင်း၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့များကို ထုတ်ယူခြင်း၊ ငါးများအလွန် အကျွံ ဖမ်းခြင်း၊ ပတ်ဝန်းကျင်ကို ညှစ်ညမ်းစေတဲ့ သတ္ထုမိုင်း လုပ်ငန်းများ တိုင်းပြည်အနှံ့ပေါ်လာခြင်း၊ မြစ်တွေကိုပိတ်ပြီး ဆည် ဆောက်ခြင်း၊ သစ်တောများကို ဧကပေါင်း သိန်းနဲ့ချီပြီး ခုတ်ထွင်၍ ငွေအဖြစ်မြန်တဲ့ ရော်ဘာလို ဆီအုန်းလို အပင်များ စိုက်ပျိုးခြင်း စတာတွေအပြင် မြောက်များလှတဲ့ ငွေရလွယ်တဲ့ လုပ်ငန်းများကိုသာ လုပ်ကြမှာပါ။

စက်မှုလုပ်ငန်းမှာ လာရောက်မြုတ်နှံမယ့် နိုင်ငံခြားကုမ္ပဏီတွေလည်း အနည်းအကျဉ်း ရှိကောင်းရှိပါလိမ့်မယ်။ သို့သော် ဘယ်လိုစက်မှု လုပ်ငန်းများကို ထူထောင်မှာလည်းဆိုတာ ဒီနေရာမှာ မေးစရာရှိပါတယ်။ ဥပမာ အားဖြင့် ၁၉၉ဝ ခုနှစ်များ တုံးက ဘင်္ဂလားဒက်ရှ် နိုင်ငံမှာ နိုင်ငံခြား အထည်ချုပ်စက်ရုံတွေ မှိုလိုပေါက်ခဲ့ပါတယ်။ အကျိုးဆက် အားဖြင့်လည်း ဘင်္ဂလား အောက်ခြေ ပြည်သူတွေ အလုပ်များရခဲ့ပါတယ်။

သို့သော် ၁၉၉၄ နောက်ပိုင်းမှာ ကမ္ဘာ့အထည်ဈေးကွက် အပြောင်းအလဲများလှိုင်းများက နိုင်ငံတကာ အထည်ချုပ်လုပ်ငန်း ကို ကောင်းကောင်းကြီး ဒုက္ခပေးပါတယ်။ ဘင်္ဂလားဒက်ရှ်နိုင်ငံကိုလည်း ချန်မထားခဲ့ပါဘူး။ (ဘင်္ဂလားဒက်ရှ် အတိုက်ခံများ ကြောင့် မဟုတ်ပါ) ဘင်္ဂလားဒက်ရှမှာလည်း အထည်ချုပ်စက်ရုံတွေ တရုံပြီးတရုံ ပိတ်ကုန်ပါတယ်။ အဲသည်တော့ အလုပ်လက်မဲ့တွေ မြို့ပေါ်မှာ သောင်တင်ခဲ့ကြပါတယ်။ အဆိုးဆုံးကတော့ အထည်ချုပ်စက်ရုံ ရင်းနှီးမြုတ်နှံမှုက ဘင်္ဂလား ဒက်ရှ် နိုင်ငံအတွက် ဘာနည်းပညာမှ ချန်မထားခဲ့နိုင်ပါဘူး။ သူလည်းထွက် ကိုယ်လည်း လက်မဲ့ကျန် ဆိုတာမျိုးဆိုသလို ဖြစ်ခဲ့ပါတယ်။ နောက် တချက် သတိထားဖို့ကလည်း အထည်ချုပ်လုပ်ငန်းဆိုတာ ဆင်းရဲတဲ့နိုင်ငံများမှာ ချမ်းသာတဲ့ နိုင်ငံ တွေက လာထောင်စားတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အလုပ်ရှင်ငွေရှင် ပြန်ထွက်သွားတဲ့အခါမှာ ဆင်းရဲသားဟာ လက်ချည်းပဲ ကျန်ရစ်ပါတယ်။ အနည်းဆုံး တူတူတန်တန် နည်းပညာ လေးလောက်တော့ ကျန်ရစ်ခဲ့သင့်တာပေါ့။ အဝတ်အထည်ပဲ ချုပ်တတ်တဲ့ နည်းပညာလောက်သာ ကျန်ရစ်ခဲ့တာတော့ ရင်နာစရာပါ။ အခုလည်း တရုပ်ပြည်မှာ အထည်ချုပ်လုပ်ငန်း တွေ၊ အရုပ်စက်ရုံတွေ ပိတ်ရတော့ တရုတ် လုပ်သား သန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်တာကို ရင်ဆိုင်နေရပါတယ်။

လက်ရှိ စီးပွါးရေးပိတ်ဆို့ခံထားရတဲ့ အခြေအနေမှာတောင် သဘာဝအရင်းအမြစ်တွေကို လုပ်ခြင်သလို လုပ်နေကြတာ စီးပွား ရေး ပိတ်ဆို့မှု မရှိလို့ကတော့ အချိန်တိုတိုအတွင်း ကုန်ပါပေါ့လားဆိုတဲ့ ဘဝကိုရင်ဆိုင်ရမှာပါ။ နိဂုံးချုပ်ရရင်တော့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေရေး ပျက်ပြားနေတဲ့ မြန်မာနိုင်ငံ၊ တနည်းဆိုရရင် ခြောက်လုံးပူး သေနတ်ကို ခါးထိုးပြီး အရက်မူးနေတဲ့ ကောင်းဘွိုင်တွေ ဗိုလ်ကျအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကို အခုနေအခါ အနောက် နိုင်ငံများက စီးပွားရေး ပိတ်ဆို့တာကို ပြန်ဖွင့် လိုက်ရင် ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုမိုများပြား လာလိမ့်ဆိုတာ အတပ်ပြောရဲပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၁၈ ရက် မတ်လ ၂ဝဝ၉ ခုနှစ်

No comments: