Tuesday, February 10, 2009

နအဖ လက်ပါးစေများ ရန်ကုန်တိုင်း သုံးခွမြို့တွင် အဖွဲ့ချုပ်အဖွဲ့ဝင်များကိုခြိမ်းခြောက် တိုက်ခိုက်မှု များဖြစ်ပွားနေ

BDD
၁၀ ဖေဖော်ဝါရီ ၂၀၀၉

လွန်ခဲ့သော ဖေဖော်ဝါရီ ၂ ရက်နေ့ညနေပိုင်းတွင် သုံးခွမြို့နယ်အတွင်း၌ စစ်အစိုးရဆန့်ကျင်ရေး ပိုစတာကန်ပိန်း လှုပ်ရှားမှုများဖြစ်ပွားခဲကြာင်း သတင်းရရှိသည်။ "စစ်ဖိနပ်အောက်က ကျွန်ဘ၀လွတ် မြောက်ဖို့နှင့် ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ကြ" "တောင်သူလယ်သမားများ ရိုးဖြတ်ကြားက အံကြိတ်သံ" ဟူသော ပိုစတာကန်ပိန်းများ ပြန့်နှံနေခဲ့ပါသည်။

၎င်းကိစ္စနှင့်ပတ်၍ နအဖ လက်ပါးစေများက အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များ အဖွဲ့ချုပ်လိုလားသော လူငယ်များကို ခြိမ်းခြောက်၊ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါသည်။

အဖွဲ့ချုပ်လိုလားသော လူငယ်တဦးကို ကားနံပတ် (၄/က - ၂၃၂၆) ကားပေါ်မှ အမည်မသိ လူ ၂ ဦး ဆင်းလာ၍ ၎င်းလူငယ်ကို အနီးကပ်ဓာတ်ပုံများ ရိုက်ကူးသွားခဲ့ကြောင်းသိရသည်။ ၎င်းတို့အား အမည် မေးရာတွင်လည်း ပြန်မဖြေဘဲ ကားကို မောင်းထွက်သွားခဲ့သည်။

များမကြာခင် ၎င်းလူငယ်အား အမည်မသိ မောင်းနှင်လာသော ဆိုင်ကယ်နှင့် ပွတ်တိုက်မှုကြောင့် ၎င်းလူငယ်မှာ တထောင်ဆစ် နှင့် ပုခုံးများ ပွန်းပဲ့သွားခဲ့ရသည်။ ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ အဖွဲ့ချုပ် ရန်ကုန်တိုင်း လူငယ်အကူအညီပေးရေးအဖွဲ့ဝင် ကိုရင်အေး ကို တယ်လီဖုန်းဖြင့် ခြိမ်း ခြောက်ခဲ့ပြီး မကြာခင် ညဖက် မီ်းပျက်နေချိန်တွင် ဆိုင်ကယ်စီးနင်းလာသော အမည်မသိ လူ ၂ ဦးမှ တုတ်ဖြင့်ရိုက်ရန် ကြိုးစားခဲ့သော်လည်း ကိုရင်အေး မှ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့၍ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါ။ ၎င်းအပြင် ကိုမွန်ကြီး ( ဦးအုန်းသောင်ူး ) သည် အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင် များအား တတ်နိုင်သ၍ ဆောင်ရွက်ပေးနေသူဖြစ်ပါသည်။ ၎င်းကို သုံးခွမြို့နယ် ၁၂ ရပ်ကွက် ဥက္ကဌ ဖြစ်သူမှ မြို့နယ် ရဲသတင်းတပ်ဖွဲ့ (အက်စ်ဘီ) ကျော်မြင့်သိမ်း အား "ကျနော် သူ့ကို ရှင်းလိုက်ရမလား" ဟု မေးမြန်းခဲ့ကြောင်း၊ ၎င်း အက်စ်ဘီ မှ "လောလောဆယ်တော့ မလိုသေးပါဘူး တဖြေးဖြေး လုံးပါး ပါးအောင် လုပ်လို့ရပါတယ်" ဟု ပြန်ပြောခဲ့ကြောင်း ခိုင်လုံသော သတင်းများအရ သိရှိရပါသည်။

ထို့နောက် ကိုမြဇင် ဆိုသူကိုလည်း ဆိုင်ကယ်နှင့်တိုက်ပြီး အမှုဖြစ်လျင် တိုက်သောသူအား အရေး မယူဘဲ ကိုမြဇင် ကို ရအောင်ထောင်ချမယ်ဟု ၎င်း အက်စ်ဘီမှ ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

၂၀၀၀ - ၂၀၀၂ ခုနှစ်များတွင် ပဲခူးတိုင်း တောင်ငူမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး မြင့်နှင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင် တို့ကို လည်း ဆိုင်ကယ်တိုက်မှုနှင့် မတရားဖမ်းဆီး အမှုဆင် ထောင်ချခဲ့သော အဖြအပျက်များ ဖြစ်ခဲ့ဖူးပါ သည်။

ယခု ၂၀၀၉ ခုနှစ်တွင်လည်း အဖွဲ့ချုပ်အဖွဲ့ဝင်များကို အကွက်ဆင် မတရားဖမ်းဆီးမှုများ ခြိမ်းခြောက် မှုများ ပြုလုပ်လာနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။