အ ပြိုင်အဆိုင်များလွန်းသော ဤကမ္ဘာကြီးတွင် စိတ်ချမ်းသာပျော်ရွှင်အောင် မည်သို့နေထိုင်ကြမည်နည်း ဆိုသည့် မေးခွန်းကို ကွယ် လွန်သူ အတွေးအခေါ်ပညာရှင် တဦးဖြစ်သူ ဂျေ ခရစ်ရှ်နားမူတီးက အခုလို ချဉ်းကပ်ထားသည်။
"အကယ်၍ သင်သည်သင်ကိုယ်တိုင် အလုအယက် ပြိုင်ဆိုင်ရမှုများ အကြားတွင် မနေထိုင်ပါက အပြိုင်အဆိုင်များ လွန်းလှ သော ဤကမ္ဘာပေါ်တွင် သင့်အနေဖြင့် စိတ်လက်ချမ်းသာစွာ နေထိုင်နိုင်မည်ဖြစ်သည်။ ကမ္ဘာတဝှမ်းလုံးရှိ လူသားတို့ အကြားတွင် ပြင်းထန်မှုများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲများဖြင့် ပြည့်နှက်နေသည်ကို တလောတုံးက ကျနော် ထောက်ပြခဲ့ပါ သည်။ အလုအယက် ပြိုင်ဆိုင်မှုများ ရှိနေ၍ ထိုပြိုင်ဆိုင်မှုများသည် အကြမ်းဖက်မှုများဆီသို့ လားရာ အနှစ်ချုပ် ဖြစ်နေသည်ကို တွေ့ရသည်။
လူတို့သည် နေရာကောင်းကောင်း ရရေးအတွက် ပြိုင်ဆိုင်ကြသည်၊ ဤကမ္ဘာပေါ်တွင် အောင်မြင်သူ ဖြစ်ဖို့အတွက် ပြိုင်ဆိုင်ကြ သည်၊ ယုတ်စွအဆုံး အတန်းထဲတွင် ဉာဏ်အကောင်းဆုံး ကျောင်းသားဖြစ်ဖို့ ပြိုင်ဆိုင်ကြသည်။ ထိုထိုသော ပြိုင်ဆိုင်မှု အားလုံး သည် ကြမ်းတမ်းပြင်းထန်မှုကို၊ အကြမ်းဖက်မှုကို သွယ်ဝိုက်၍ ညွှန်းဆိုနေခြင်းသာ ဖြစ်သည်။
လူတို့သည် ကလေးဘဝ ကတည်းက ပြိုင်ဆိုင်မှုအတွက် လေ့ကျင့်ပေးခြင်း ခံနေရသည်။ ကလေးသည် မိမိညီအကို ချင်းချင်း အကြားတောင်မှ မိမိကသာ အမြဲအမှတ်သာ နေစေရန် (သို့မဟုတ်) အတန်းထဲက မိမိခုံဘေးမှ အခြား ကျောင်းသား တဦးထက် အမှတ်ပိုကောင်းအောင် ဆောင်ရွက်နေရသည်။ ကျနော်တို့ လူမှုဖွဲ့စည်းပုံ တခုလုံးသည် ပြိုင်ဆိုင်မှုအပေါ် အခြေခံ၍ တည်ရှိနေ သည်။ ကျနော်တို့ အားလုံးသည်လည်း ထိုသို့အလုအယက် ပြိုင်ဆိုင်နေရခြင်းကို မလွဲမသွေ လက်ခံရယူနေရသည်။
လူလားမြောက်ပြီး လူများအားလုံးသည်လည်း အထူးသဖြင့် စီးပွားရေးလုပ်ငန်း အကြီးစားများတွင် ပါဝင်ဆောင်ရွက် နေရသူ များက ပို၍ပြိုင်ဆိုင်လေလေ ပို၍ကောင်းမွန်သော အလုပ်ကို ထုတ်လုပ်နိုင်လေလေဟု ဆိုကြသည်။ သို့သော်လည်း ထိုအဆိုပြု ချက်သည် မှားယွင်းမှုများ၏ အစဟုသာ ဆိုရပေမည်။
တကယ်တန်းတွင် လူတို့သည် သူတို့ချစ်မြတ်နိုးသော အလုပ်ကို တကယ်လုပ်ကိုင် ရမှသာလျှင် ပို၍ကောင်းမွန်သော အလုပ်ကို ဖန်တီးနိုင်ပေလိမ့်မည်။ ဤအခြေအနေတွင် သင်သည် ပြိုင်ဆိုင်မှုကို ပြုလုပ်မည်မဟုတ်။ ထို့အပြင် ပိုက်ဆံ ပိုမိုရရှိဖို့နဲ့ သူတကာ ထက် ရှေ့ရောက်ဖို့ ဒီအလုပ်ကို လုပ်မှဖြစ်မယ် ဆိုပြီးလည်း သင့်အနေဖြင့် အထူးတလည် ပြောဆိုနေခြင်း ရှိလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်ချစ်မြတ်နိုးသော အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် သင်သည် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် စိုက်ထုတ်လုပ်ကိုင်မှာ ဖြစ်၍ပင်။
အခု ဒီကျောင်းမှာဆိုရင် နှစ်ပေါင်းများစွာ ကျနော်တို့ သင်ကြားနေတာက အမှတ်များများ ရဖို့အတွက် မဟုတ်ပါ။ ကျောင်းသား များရဲ့ အသိဉာဏ်ရည်မြင့်မားခြင်းနဲ့ ဆရာများရဲ့ အသိညဏ်ရည်မြင့်မားခြင်း ဆိုတဲ့ လိုအပ်မှုတွေ အပေါ်မှာသာ အလုပ်လုပ်ဖို့ ပို့ချပါသည်။ အမှတ်အတွက် အလုပ်လုပ်ဖို့ မဟုတ်ပါ။ သို့သော်ငြားလည်း သင်ကိုယ်တိုင်ကတော့ အမှန်တကယ် လေ့လာသင် ကြားလိုစိတ် ရှိရပါမည်။
ဥရောပနဲ့ အမေရိကားမှာရှိတဲ့ အချို့သော ကျောင်းများမှာ စမ်းသပ်မှုတွေ ပြုလုပ်တော့ တွေ့ရှိလာရတဲ့ အချက်က ကျောင်းသား တွေ အလုအယက် မပြိုင်ဆိုင်ကြတဲ့ အခါမှာ၊ သူတို့ လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးတဲ့ အခါမှာ၊ စာမေးပွဲမှာ အမှတ်ကောင်း ကောင်း ရဖို့ဆိုတာကို မျက်ကလဲဆန်ပြာနဲ့ အာရုံစူးစိုက်မနေတဲ့ အခါမှာ ကျောင်းသားတွေဟာပိုပြီး မြန်မြန်ဆန်ဆန်နဲ့ လေ့လာ သင်ယူ တတ်မြောက်တာကို တွေ့ရှိရသည်။
ပြိုင်ဆိုင်မှုဟာ အသိညဏ်ရည် မြင့်မားခြင်းကို ထုတ်လုပ်ပေးနိုင်စွမ်း မရှိပါ။ ပြိုင်ဆိုင်မှုကနေ အကောင်းဆုံး ထုတ်လုပ်ပေး နိုင်တာကတော့ ထက်မြက်မှုနဲ့ ကွေ့ကောက်မှု ဉာဏ်နီဉာဏ်နက်များတို့သာဖြစ်၍ အဲသလို လေ့ကျင့်ပေးခံရတဲ့ ကျောင်းသား တွေ တကယ့် ဘဝထဲကို ရောက်တဲ့အချိန်မှာ အခြားသူများရဲ့ ကျောပေါ်ကိုလည်း ဝန်ထုပ်ဝန်ပိုးများ တင်ပေးလေ့ရှိတဲ့ သူတွေ ဖြစ်ကုန် ကြတော့သည်။
ဤကမ္ဘာကြီးတွင် ငြိမ်းချမ်းမှုရှိစေရန် သင်ကိုယ်တိုင်သည်လည်း ငြိမ်းချမ်းဖို့ ပထမ လိုအပ်သည်။ အပြိုင်အဆိုင် များလွန်းသော လူ့အဖွဲ့အစည်းတွင် စိတ်ချမ်းသာ လက်ချမ်းသာ နေထိုင်နိုင်ဖို့ သင်ကိုယ်တိုင် ပြိုင်ဆိုင်မှုတွေမှာ ပါဝင်နေခြင်းက ရပ်ဆိုင်းဖို့ လိုသည်။ ဆိုလိုသည်မှာ သင်ကိုယ်တိုင် ချစ်မြတ်နိုးမှု မရှိသော အလုပ်မျိုးကို လုပ်ကိုင်နေခြင်းမှ ရပ်ဆိုင်းဖို့ ဖြစ်သည်။
အကယ်၍ သင်ဟာ သင့်အလုပ်ကို ချစ်မြတ်နိုးသည် ဆိုပါစို့။ သင့်အနေဖြင့် ဘယ်သူကတော့ ငါ့ကိုကျော်တက်သွားပြီ (သို့ မဟုတ်) ဘယ်သူကတော့ ငါ့ကိုမကျော်နိုင် ငါ့နောက်ကကောင်ဆိုတဲ့ အခြေအနေမျိုးတွေကို ရင်ဆိုင်ရလိမ့် မည်မဟုတ်။ သင်လုပ်ကိုင်နေသည့် အလုပ်ကို သင်ကိုယ်တိုင် ချစ်မြတ်နိုးသဖြင့် ထိုအလုပ်အတွက် သင့်တွင်ရှိသမျှ အရည်အခြင်း၊ စိတ်စွမ်းရည်၊ နှလုံးသားနှင့် ခန္ဓာကိုယ်တို့ကို ပုံအော၍ သင်လုပ်ကိုင် လာမည်ဖြစ်သည်။
သို့သော်လည်း ကံအကြောင်း မလှသည်ကတော့ သင်ဟာ ငယ်စဉ်ကတည်းက သင်လုပ်သည့် အလုပ်ကို ချစ်မြတ်နိုးဖို့ မြေတောင်မြှောက်ပေး ခံရခြင်းမျိုး မရှိသည့် ကိစ္စပင်ဖြစ်သည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝ ကတည်းက သင်လေ့လာ သင်ကြားခဲ့ရသည်များက အမြင့်ဆုံးအမှတ်ရရှိဖို့၊ စာမေးပွဲတွေ မှန်မှန်အောင်ဖို့နဲ့ အလုပ်ကောင်း အကိုင်ကောင်း ရရှိဖို့အတွက် ပြင်ဆင်တာမျိုးသာ ရှိနေခဲ့ခြင်းပင်ဖြစ်သည်။
အသိဉာဏ်ရည်မြင့်မားခြင်းသည် အကြောက်တရားမှ ကင်းလွတ်ခြင်း ဆိုသောနည်းလမ်းမှသာ ဆင်းသက် ဖြစ်ပေါ်သည်။ အသိဉာဏ်ရည်မြင့်မားခြင်းသည် အားကောင်းမောင်းသန် ရှင်သန်နေသည့် ဘဝဖြစ်စဉ်မှသာ ဆင်းသက်ဖြစ်ပေါ်သည်။ အပြစ်ပေးဒဏ်ခတ်ခြင်း၊ အပြန်အလှန် တိုက်ခိုက်နေရခြင်း၊ ငြင်းခုံရန်ဖြစ်နေရခြင်း၊ အလုအယက် ပြိုင်ဆိုင်နေရခြင်း၊ ကြမ်းတမ်းပြင်းထန်မှု (ဝါ) အကြမ်းဖက်ခြင်းတို့မှတဆင့် အသိညဏ်ရည်မြင့်မားခြင်း ဆင်းသက် ထွန်းကားခြင်း မရှိပါ။ "
ဂျေ ခရစ်ရှ်နားမူတီး (၁၈၉၅—၁၉၈၆)
(Jiddu Krishnamurti သည် အိန္ဒိယနိုင်ငံသားဖြစ်၍ နှစ်ဆယ်ရာစု၏ ထူးချွန်သော ခေတ်သစ်အတွေးအခေါ် ပညာရှင် တဦး အဖြစ် သတ်မှတ်ခံရသည်။ ၁၈၉၅ ခုနှစ်တွင် မွေးဖွား၍ ၁၉၈၆ ခုနှစ်တွင် ကွယ်လွန်သည်။ အထက်ပါ စာစုသည် ခရစ်ရှ်နားမူတီး ရေးသားခဲ့သော A Timeless Spring စာအုပ်ပါ စာမျက်နှာ ၅၉နှင့် ၆ဝ မှ စာစုများကို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်သည်။ မှားယွင်းလွဲချော်မှုများ ပါရှိပါက ဘာသာပြန်သူ၏ အားနည်းချက်သာ ဖြစ်ကြောင်း ပြောလိုပါသည်။)
ကျနော်တို့ရော အသိဉာဏ်ရည်မြင့်မားခြင်းကို ဦးစားပေးပါသလား (သို့မဟုတ်) တခုတခုကို ရလိုမှု၊ တခုခုကို မရရှိ မပိုင်ဆိုင်ရ မှာကို စိုးရိမ်မှုတို့ဖြင့် အလုပ်လုပ်နေကြသလော ဆိုတာကို ထည့်တွက်စဉ်းစားသင့်ပါသည်။
စစ်အစိုးရကတော့ မိုက်မဲသူများမို့ အထူးမပြောလိုတော့။ သို့သော် အထူးသဖြင့် နယ်စပ်မျဉ်းကြောင်း တလျောက် လှုပ်ရှား လုပ်ကိုင်နေသည့် အဖွဲ့အစည်းများ၊ နိုင်ငံခြားအခြေစိုက် မြန်မာ အဖွဲ့အစည်းများနှင့် ပြည်တွင်း၌ရှိသော နာဂစ် မတိုင်ခင်နှင့် နာဂစ်အပြီး ပေါ်ပေါက်လာသည့် လူမှုကူညီရေးဆိုသည့် အဖွဲ့အစည်းများ (တတိယလိုင်းဆိုသည့် အဖွဲ့အစည်းများ အပါအဝင်) ဆောင်ရွက်လုပ်ကိုင် နေကြသည်ကို ရှုထောင့်ပေါင်းစုံမှ မြင်နေကြားနေရသည်။ နိုင်ငံ တကာအသိုင်းအဝိုင်းအတွင်း ထင်ပေါ် အရေးပေး ခံရလိုမှု၊ နိုင်ငံခြား အလှူရှင်များထံမှ ငွေကြေးရံပုံငွေ သူထက်ငါ များများ ရအောင် ပြိုင်ဆိုင်ကြိုးပမ်းနေမှုများ ရှိနေကြသည်။ အချို့သော အဖွဲ့အစည်းများကတော့ လူမှုကူညီရေး ဆိုတာထက် နိုင်ငံရေးဖက်ပိုသည့် ဆောင်ရွက်ချက်များ လည်း ရှိနေသည်။ နိုင်ငံတကာအလယ်တွင် သဘောထား ပျော့ပြောင်းသူများ အသွင်ဖြင့် ပါးပါးနပ်နပ် တင်ပြပြောဆို သော ကြောင့် အတိုက်ခံ အဖွဲ့အစည်းများထက် အနာဂတ်တွင် အလားအလာ ရှိသူများအဖြစ် နိုင်ငံခြားသားအချို့က ရှုမြင်ကြသည်။ ထားတော့။
ထိုအဖွဲ့အစည်းများကို မေးလိုသည့် မေးခွန်းကတော့ ခရစ်ရှ်နားမူတီးပြောသလို ထိုအလုပ်များကို ကိုယ်ကိုယ်တိုင်က အမှန် တကယ် မြတ်မြတ်နိုးနိုး ခံစားမှုထားပြီး လုပ်တာလား (သို့) အဖုံဖုံသော အောင်မြင်မှုများ ဆွတ်ခူးလို၍ လုပ်တာလား ဆိုတာ ခွဲခြမ်းစိတ်ဖြာ ကြည့်ပါက ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ပြိုင်ဆိုင်မှုများ အားကြီးလာခြင်း နောက်ကွယ်မှာ မညီမညွတ် တယောက်တပေါက် ဖြစ်လာနေသည်ကိုလည်း လတ်တလော တွေ့နေရသည်။ မိမိနှင့် မိမိအဖွဲ့အစည်းမှ အုပ်စီးထားလိုမှု၊ ငွေနှင့်အောင်မြင်မှု၊ ကျော်ကြားမှုတို့နောက်ကို အတောမသတ် လိုက်နေကြသလားဟုပင် မေးခွန်း ထုတ်ရတော့မည်။ ဤအတိုင်းဆိုပါက အပြိုင်အဆိုင် အသတ်အပုတ်များကြားမှာ မြန်မာ့လူ့အဖွဲ့အစည်း တခုလုံး၏ အနာဂတ်သည် လင်းလက် နိုင်ပါ့မည်လော။
(ဤစာစုများသည် တည်တည်ကြည်ကြည် မှန်မှန်ကန်ကန်နှင့် မိမိအလုပ်ကို မြတ်နိုးစွာ လုပ်ကိုင်နေသော အဖွဲ့အစည်း များကို မရည်ရွယ်ပါ။)
ဇော်မင်း (လူ့ဘောင်သစ်)
Copy Right: Fine Leaves