အယ်ဒီတာ့အာဘော်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 25 2009 16:37 - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင် စစ်ဆေးနေခြင်းသည် စစ်အစိုးရ၏ ကြိုတင်လုပ်ကြံမှု ဟုတ်သည်၊ မဟုတ်သည် အပထား၊ ဤဖြစ်နိုင်ခြေရှိသော အလှည့်အပြောင်းတွင် အရှုံးနှင့် ကြုံရနိုင်သူမှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှလွဲ၍ အခြားမည်သူမှ မဖြစ်နိုင်ပါ။ မည်သို့ပင်ဖြစ်စေ အခြားရလဒ်တရပ် ထွက်ပေါ်လာနိုင်သည့် အလားအလာလည်း ရှိနေပြန်ပါသည်။ ဤအချိန်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အချိန်အခါကောင်းတရပ် ဖြစ်သည်ဟု အသိအမှတ်ပြုကာ ခွင့်လွှတ်ခြင်းကို ကျင့်သုံးနိုင်ခဲ့လျှင် အမျိုးသား သာယာဝပြောရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် လမ်းပွင့်သွားနိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သွေးစည်းညီညွတ်မှုနှင့် ထောက်ခံမှုကိုကြည့်လျှင် ဤစန်းရှိလှသော ခေါင်းဆောင်သည် မည်မျှလူကြိုက်များကြောင်း သိသာနိုင်ပါသည်။ ဤအချက်သည် ဗိုလ်ချုပ်ကြီးများအတွက် ဝမ်းသာစရာ အချက်တရပ် မဟုတ်သော်လည်း မြန်မာနိုင်ငံတွင် ဤသို့သော ဒီမိုကရေစီခေါင်းဆောင် အဖေတူသမီးတဦး ရှိနေခြင်းမှာ ကံကောင်းလှသည်။
မြန်မာနိုင်ငံသည် ယခုလောလောဆယ် အဆိုးများထဲမှ အကောင်းဘက်ကို ပြန်လှည့်လာနိုင်လောက်သည့် သဘာဝ သယံဇာတများ ပေါကြွယ်ဝလှသည့် နိုင်ငံတခု ဖြစ်သည်ဆိုသည်မှာ ဘယ်သူမှ မငြင်းနိုင်ပါ။ ပြည်တွင်းစစ်များ၊ အထီးကျန်နေခြင်းနှင့် အာဏာရှင်စနစ်တို့ကြောင့်သာ ယခုကဲ့သို့ ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံများစာရင်းတွင် ရောက်ရှိနေရခြင်း ဖြစ်သည်။
စစ်အစိုးရက လက်ခံထားပုံရသော မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းသည် မေလ ၂၇ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။ သို့သော် အထောက်အထားများစွာ ရှိခဲ့ပြီးဖြစ်သော စစ်အစိုးရ၏ တရားစီရင်ရေးစနစ်အရ တကယ့်အဖြစ်မှန်တွင် နိုင်ငံ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးမှာ အလားအလာ နည်းလှသည်။ တနိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၂ဝဝ ကျော်မှာ အကျဉ်းကျခံနေကြရဆဲ ဖြစ်သည်။ ထိုသူတို့ထဲမှ အများစုမှာ ဗိုလ်ချုပ်ကြီများနှင့် အတိုက်အခံတို့အကြား ဆွေးနွေးပွဲများ ပြုလုပ်စေချင်ကြောင်း သူတို့ ဆန္ဒကို ထုတ်ဖော်မိရုံဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသူများ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အင်းစိန်ထောင်အတွင်း တံခါးပိတ်တရားရုံးတွင် ပထမဆုံးအကြိမ် စတင်စစ်ဆေးသည့်နေ့က ပေါ်ထွက်လာသော နိုင်ငံတကာ၏ ဆန့်ကျင် ကန့်ကွက်သံများကို ကြည့်လျှင် ဤဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ ဗိုလ်ချုပ်မှူးကြီးအတွက် နက္ခတ်သင့်သည့် အချိန်တော့ မဟုတ်ပါပေ။ အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသမီးကြီးကို နေအိမ်အကျယ်ချုပ် စည်းကမ်းချက်များကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားသည်။ အမေရိကန်လူမျိုး ဂျွန်ဝီလျံ ယက်တော (John Yettaw) ဆိုသူ အင်းယားကန်ကို ဖြတ်ကူးကာ သူမနေအိမ်သို့ ဝင်ရောက်၍ ပြန်ထွက်လာစဉ် ရေကန်ထဲတွင် ဖမ်းဆီးရမိခဲ့သည်ဟူသော သတင်းပေါ်ထွက်အပြီး ဤသို့ ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဤလျှို့ဝှက်ဆန်းကြယ်လှသော အမှုကြောင့် မြန်မာနိုင်ငံသား အများအပြား ဒေါသထွက်ခဲ့ကြသည်။ အသက် ၅၃ နှစ် အရွယ် အမေရိကန်လူမျိုး၏ လုပ်ဆောင်ချက်က စစ်အစိုးရအတွက် အရန်သင့် အကြောင်းပြစရာတခု ဖြစ်သွားခဲ့သည်။ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို မသိကျိုးကျွန်ပြုကာ ၁၉၈၈ ခုနှစ်ကတည်းက တိုင်းပြည်ကို အုပ်ချုပ်နေခဲ့သော သူတို့အတွက် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင်ကို နောက်ထပ် ဆက်လက်ချုပ်နှောင်ထားရန် အကြောင်းပြစရာ ရသွားခဲ့သည်။
အစိုးရမီဒီယာများက မစ္စတာယက်တောကို ဖမ်းဆီးရမိလိုက်ကြောင်း လူသိရှင်ကြား ကြေညာလိုက်အပြီး မိနစ်ပိုင်းအတွင်းမှာပင် မြန်မာနိုင်ငံသား အများစုက ဤအမှုကို လုပ်ကြံမှုတရပ်အဖြစ် ခွဲခြားနားလည်လိုက်ကြသည်။ တိုင်းပြည်၏ လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအား ဆက်လက်ထိန်းသိမ်းထားရန်နှင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် သူတို့မိသားစု ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ရန် လုပ်ကြံမှုသာ ဖြစ်ကြောင်း သူတို့နားလည်လိုက်ကြသည်။
ယက်တောကို ဖမ်းဆီးလိုက်သည့်အချိန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးဆရာဝန်က အိမ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသူတဦး ရှိနေကြောင်း လုံခြုံရေးတပ်ဖွဲဝင်များသို့ အကြောင်းကြားခဲ့သော်လည်း သူတို့ဘက်က တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ၊ ပျက်ကွက်ခဲ့ခြင်းတို့က ၂ဝဝ၇ ခုနှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် သံဃာတော်များ ဦးဆောင်သည့် လှုပ်ရှားမှုကို ရက်စက်နှိမ်နင်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီးအပေါ် သံသယပွားစရာများ ဖြစ်စေခဲ့သည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကမူ ဤစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး၊ ဤဖြစ်ရပ်သည် အနောက်နိုင်ငံများနှင့် ပြည်တွင်းပြည်ပ အတိုက်အခံများ၏ ပူးပေါင်းကြံစည်မှုမျှသာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သူ့အဆိုကို အနည်းငယ်ကသာ လက်ခံကြပါသည်။ အတိုက်အခံများ ခိုလှုံရာနေရာဟု သိထားကြသော မဲဆောက်တွင် ယက်တော ရက်အနည်းငယ် နေထိုင်ခဲ့သည်ဆိုသည်မှာ မှန်ပါသည်။ သို့သော် မည်သည့်အတိုက်အခံကမျှ ဒီမိုကရေစီ၏ တခုတည်းသော မျှော်လင့်ချက်နှင့် တိုင်းပြည်တဝှမ်းအား စုစည်းညီညွတ်အောင် လုပ်ပေးနိုင်သူ အတိုက်အခံ ခေါင်းဆောင်၏ နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်မံတိုးမြှင့်ခြင်းခံရသည်ကို မမြင်လိုကြပါ။ ထိုသို့မမြင်လိုသည့် အခြားအကြောင်းများလည်း ရှိပါသေးသည်။
အမှန်စင်စစ် လက်ရှိ တရားရုံးတင် စစ်ဆေးနေမှုကြောင့် ဒီမိုကရေစီ အတိုက်အခံ အုပ်စုများနှင့် တိုင်းရင်းသားလူမျိုးများ အကြား တသွေးတည်း တသားတည်းသော စုစည်းညီညွတ်မှုကို ရရှိသွားစေခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲဖြင့် တရားဝင်မှုကို အရယူမည်ဆိုသော စစ်အစိုးရ၏ မျှော်လင့်ချက်မှာ အလျင်အမြန်ပင် ပျောက်ကွယ်သွားနေသည်။ စစ်အစိုးရ၏ မဟာမိတ်များဖြစ်သော တရုတ်နှင့် အရှေ့တောင်အာရှ အဖွဲ့ကြီး (အာဆီယံ) ကပင် စိုးရိမ်ပူပန်ကြောင်းနှင့် အမျိုးသား ရင်ကြားစေ့ရေး လိုအပ်ပုံကို ထုတ်ဖော်ပြောဆိုလာနေကြပြီ။ ထိုအတောအတွင်း ဥရောပ သမဂ္ဂက မြန်မာနိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် စဉ်းစားလျက်ရှိပြီး၊ အိုဘားမား အစိုးရကမူ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို နောက်တနှစ် သက်တမ်းတိုးမြှင့်ခဲ့သည်။
၁၉၆၂ ခုနှစ်ကတည်းက လိုက်ခဲ့သော လမ်းကြောင်းအတိုင်း ဆက်သွားနေမည်ဆိုပါက ရှေ့တွင် အလုံးစုံပျက်သုဉ်းခြင်းက စောင့်ကြိုနေပါသည်။ လက်ရှိလမ်းကြောင်းက အုပ်ချုပ်သူများကိုရော၊ အဖိနှိပ်ခံများကိုပါ အကျိုးမရှိစေပါ။ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲပြားနေမှုများမှာ ကြီးမားလှသည်။ ၅၅ သန်းမျှရှိသာ တိုင်းပြည်တွင် တခုတည်းသော အင်စတီ ကျူးရှင်းဖြစ်သည့် စစ်တပ်ကို သာမန်လူထုက မုန်းတီးနေမှုမှာ ထူးထူးခြားခြား ရှိလှသည်။ ဆင်းရဲမွဲတေမှုမှာ အနှံ့အပြားပင် ဖြစ်သည်။ အပေးအယူလုပ်ခြင်းကသာလျှင် တိုင်းပြည်ကို ကယ်တင်နိုင်လိမ့်မည်။ ပြည်တွင်းစစ်၏ ပဋိပက္ခများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၊ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် သေလွန်ပြီးသော ဝိဉာဉ်များက ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ငြိမ်းချမ်း၍ သာယာဝပြောသော နိုင်ငံသစ်ကို ထူထောင်ရန် စောင့်မျှော်လျက် ရှိကြပါသည်။
Source: Mizzima News
No comments:
Post a Comment