တိုင်းသူပြည်သား လူထုအများစုကြီးရဲ့ သဘောထား ဆန္ဒမပါဘဲ အစိုးရတရပ်ကပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်း တခုခုကပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာပဲဖြစ်ဖြစ်၊ ကျွမ်းကျင်သူ ပညာရှင်တွေကပဲ ဖြစ်ဖြစ် ဝင်ရောက်ဆုံးဖြတ်တာဟာ အင်မတန် ဆိုးရွားတဲ့ အမှားကို ကျူးလွန်တာပဲ ဖြစ်ပါတယ်။ အစိုးရက အာဏာရှိတော့ လူထုရဲ့ ဆန္ဒကို ဂရုမစိုက်ပဲ လုပ်ချင်တာ လုပ်မယ်ဆိုလည်း ရတာ ပေါ့။ အာဏာက သူတို့လက်ထဲမှာ ရှိနေတာကိုး။ အဖွဲ့အစည်းတွေ ကျွမ်းကျင်သူ ပညာရှင် ဆိုသူတွေ နိုင်ငံတကာ ဆိုတာ တွေက လည်း အစိုးရနဲ့ တလေသံတည်း ရှိလာရင်တော့ ပိုဆိုးလာမယ်ဆိုတာ ပြောဖို့တောင် မလိုတော့ပါဘူး။
လူထုရဲ့ သဘောထား မပါဘဲ ကျနော်တို့က တိုင်းပြည်အတွက် ကောင်းမယ်ထင်လို့ ဒီလမ်းကို ရွေးတာပါလို့ ပြောခြင်းဟာ ခိုင်လုံ တဲ့ ဆင်ခြေမဟုတ်ပါဘူး။ ကိုယ်လုပ်ပိုင်ခွင့်ရှိတုံး ကိုယ်လုပ်ခြင်တာကို လုပ်လိုက်တာပဲလို့ ဆိုရမှာပါ။ ၂ဝဝ၈ တုံး ကလည်း နာဂစ်မုန်တိုင်း ခံထားရတာကို မထောက်ဘဲ သူတို့ဆွဲခြင်သလို ဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ဇွတ်အတင်း အတည်ပြုခဲ့တယ်။ မဲခိုးတယ်၊ မဲလိမ်တယ်၊ အခွင့်အရေးနဲ့ မဲဆွယ်တယ်၊ ခြိမ်းခြောက်တဲ့ နည်းလမ်း မျိုးစုံကိုလည်း သုံးခဲ့တယ်။ ရန်ကုန်တို့ မန္တလေးတို့မှာတော့ မြို့ကြီးတွေဖြစ်တဲ့ အပြင် နိုင်ငံတကာ အနေနဲ့ သတင်းရဖို့ လွယ်တဲ့ နေရာတွေဖြစ်လို့ မဲခိုးတာ၊ မဲလိမ်တာတွေကို အသုံးပြုခဲ့တယ်။ သို့သော်လည်း ဥပမာအားဖြင့် ရခိုင်ပြည်နယ်လို နိုင်ငံတကာ မျက်နှာစာနဲ့ အလှမ်းဝေးတဲ့ နေရာမျိုးတွေမှာ ဘယ်လိုလုပ်ခဲ့သလဲ။ မြင်းလှည်းပေါ်မှာ လော်စပီကာတင်ပြီး ကန့်ကွက်မဲထည့်သူမှန်သမျှ အရေးယူမယ်လို့ ပြောင်ပြောင်တင်းတင်း ချိမ်းခြောက်ခဲ့တာကို တခြားတိုင်းတွေ ပြည်နယ် တွေက ပြည်သူတွေ မသိလိုက်ရပါ။ နိုင်ငံတကာလည်း မသိခဲ့ပါ။
လူထုဆန္ဒ မပါဘဲ လုပ်ချင်တိုင်း လုပ်ရင်တော့ လုပ်လို့သာရမယ်။ ဒါဟာ ကြာကြာတည်မြဲဖို့ အကြောင်းမရှိပါ။ ရေရှည် အတွက် လည်း တည်ငြိမ် အေးချမ်းလိမ့်မည် မဟုတ်ပါ။ ပြည်သူတွေရဲ့ ခုခံမှုတွေ အုံကြွမှုတွေနဲ့ အမြဲတန်း ရင်ဆိုင်နေရဦး မှာပါ။ ဒီလို ပြောတော့ တချို့က ဒါဟာ လူထုနောက်မြီးဆွဲ သဘောတရားလို့ ဆိုကောင်း ဆိုပါလိမ့်မယ်။ လူထုနောက်မြီးဆွဲ မဟုတ်ပါ။ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံရသူတွေရဲ့ ဖြစ်စဉ်ကို ထောက်ပြခြင်းသာ ဖြစ်ပါတယ်။
လူထုအများဆုရဲ့ ဆန္ဒမပါဘဲ လုပ်တဲ့ ကိစ္စတိုင်းဟာ ဘယ်ဖော်မြူလာနဲ့ပဲ လုပ်လုပ် ရေရှည်မှာ အကျိုးဖြစ်ထွန်း မဟုတ်ဘူး ဆိုတာ နောင်မှာ တွေ့ကြပါလိမ့်မယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဘာနဲ့တူသလဲဆိုရင် ဓားစားခံလုပ် ပြန်ပေးဆွဲတဲ့ သဘော နဲ့ တူနေပါတယ်။ အကြပ်ကိုင်တာ နောက်တမျိုးလို့ ဆိုလဲ မမှားပါဖူး။ ငါတို့သွားမဲ့ လမ်းအတိုင်း လိုက်မှာလား မလိုက်ဘူး လား ဆိုပြီး အကြပ်ကိုင်တာပါ။ မင်းတို့မှာ ရွေးစရာလမ်း မရှိတော့ဘူး ငဒို့ပြောသလို ခိုင်းသလိုလုပ်ပြီး နောက်ကလိုက်။ မလိုက်ချင် ရင် နေခဲ့ဆိုပြီး လုပ်တာမျိုးပါ။
သက်ဆိုင်သူတွေနဲ့ တိုင်ပင်နှီးနှောခြင်း မရှိဘဲ ငါ့သဘော ငါ့အကြိုက်ကို ရှေ့တန်းတင်တော့ ထွက်လာမဲ့ ရလာဒ်က ဘယ်လိုမှ ကောင်းနိုင်စရာ မရှိမှာကတော့ သေချာပါတယ်။
အဲတာနဲ့ ပတ်သက်လို့ ရှေးတုန်းက အဖြစ်အပျက်တခုနဲ့ တင်စားပြောလိုပါတယ်။
မြန်မာနိုင်ငံရဲ့ ဗုဒ္ဓသာသနာ လောကမှာ နေလိုလလို ထွန်းထောက်ခဲ့တဲ့ ဆရာတော်များထဲက တပါးကတော့ အားလုံး သိတဲ ဗန်းမော်ဆရာတော် ဖြစ်ပါတယ်။ မှန်တာကို ပြောတတ်လွန်းလို့ မင်းတုန်းမင်းကြီး လက်ထက်မှာ ဗန်းမော်ကို နယ်နှင်ခံရလို့ ဗန်းမော်ဆရာတော်ဆိုပြီး နောက်ပိုင်းမှာ လူသိများလာတာ ဖြစ်ပါတယ်။
ဗန်းမော်ဆရာတော်လို့ အကျော်ဒေးယျ မဖြစ်ခင် ရဟန်းပျိုဘဝကတည်းက ဗန်းမော်ဆရာတော် လောင်းလျာဟာ စာချိုး ကောင်းတယ်လို့ ကျော်ကြားပါတယ်။
ဗန်းမော်ဆရာတော် ရဟန်းပျိုဘဝက ခရီးတခု ထွက်ပါသတဲ့။ တနေရာ ရောက်တော့ အချိန်ကလည်း လင့်နေပြီဆိုတော့ ရောက်တဲ့ ရွာက ဘုန်းကြီးကျောင်းမှာ တည်းခိုဖိုအတွက် ဝင်ပြီးလျှောက်ထားရပါတယ်။ အဲသည်တော့ ရွာခံကျောင်း ထိုင် ဘုန်းတော်ကြီးက ဗန်းမော်ဆရာတော်ကို သည်လိုဆိုပါတယ်။
"အေးကွ ... မင်းက စာတတ်ပေတတ်များတဲ့ မန္တလေးက လာတာဆိုတော့ ဒီလိုလုပ်။ မင်းအနေနဲ့ ငါ့ကို စာတပုဒ် ချိုးပြရမယ်။ စာမချိုးနိုင်ရင်တော့ အာဂန္တုကိုယ်တော် ဖြစ်ပေမဲ့ ငါ့ကျောင်းမှာ အတည်းမခံနိုင်ဘူး" လို့ဆိုပါတယ်။ တော်တော် ဂွကျတဲ့ ကျောင်းထိုင်ဘုန်းကြီးလို့ ဆိုရမှာပေါ့။ ပညာစမ်းတဲ့ သဘောလို့ ဆိုနိုင်သလို အကြပ်ကိုင်တဲ့ သဘောလည်း ပါတာပေါ့လေ။ ဘုန်းတော်ကြီးဆိုတာ ဘာသာရေးစာပေတွေ ထူးချွန်တိုင်း စာချိုးတာ စာစပ်တာ ထူးချွန်ချင်မှ ထူးချွန်မှာပေါ့။
သို့သော်လည်း ဗန်းမော်ဆရာတော်လောင်းလျာက ခေသူမှမဟုတ်တာ။ ဒီတော့ "တင်ပါ့ဘုရား ... တပည့်တော် စာချိုး ပြပါ့မယ်။ ဆရာတော့် အနေနဲ့ တပည့်တော်ကို ဘယ်လိုစာမျိုး ချိုးစေချင်တာတုံး ဘုရား" လို့ ပြန်လျောက်ပါတယ်။
ဒီတော့ ကျောင်းထိုင်ဘုန်းတော်ကြီးက "ငါတို့သည်ရွာက ကြမ်းဗြဲလို့ ခေါ်တယ်ကွ။ ပြီးတော့ ငါက ကွမ်းလည်း သိပ်ကြိုက် တယ်။ ဘယ်လောက် ကြိုက်သလဲဆို ဒီမှာကြည့်စမ်း ငါ့ကွမ်းအစ်ကြီး ဘယ်လောက်ကြီးလဲ။ ဟောဒါက ငါ့တူ။ သူ့နာမည်က သာပေါ်တဲ့။ ပြီးတော့ ငါက အစားအသောက်လည်း ခုံမင်တယ်ကွ တလောကတောင် ငါ့အကြိုက်တွေ အစားများသွားလို့ ဖျားတောင် ဖျား သေးတာ။ အဲတာတွေ အကုန်ပါအောင် မင်းစာချိုး နိုင်ပါ့မလား" ဆိုပြီး မဆီမဆိုင် တာတွေ ပေါင်းစပ်ပြီး စာချိုးခိုင်းတာပေါ့။ ကပ်ဖဲ့ရပ်ဖဲ့ လုပ်တယ်ဆိုရင်လည်း ဆိုနိုင်ပါတယ်။
ဘေးက တခြားဘုန်းတော်ကြီးတွေ၊ လူတွေက ဒီအာဂန္တုကိုယ်တော်တော့ ဒုက္ခလှလှနဲ့ တွေ့တော့မလား ဆိုပြီး ဝိုင်း အကဲခတ် နေ ကြပါတယ်။
သို့သော် ဗန်းမော်ဆရာတော်လောင်းလျာက စက္ကန့်မဆိုင်းပဲ ဒီလိုစာချိုးလိုက်ပါတယ်။
"ကွမ်းအစ် နီတာရဲနဲ့
ကြမ်းဗြဲမှာ သူပျော်
သာပေါ်တို့ တူအရီး
တွေ့မရှောင် အကုန်စားတယ်
ဖျားတဲ့ ခင်ကြီး။"
ကျောင်းထိုင်ဘုန်းတော်ကြီးကော ပရိတ်သတ်ပါ အံ့အားသင့်ကုန်ပါတယ်။ ဒီအာဂန္တု ကိုယ်တော်တော့ ကပ်တီးကပ်ဖဲ့ တွေကို စာချိုးရမှာဆိုတော့ အချိန်တော်တော်ယူ စဉ်းစားရမယ်လို့ ထင်နေတဲ့ အချိန်မှာ အခုလို လျှပ်တပြက်အတွင်း စာချိုးနိုင်လိုက်တဲ့ ဖြစ်ပါတယ်။
ဒီနေရာမှာ ဆိုလိုတာက ဒီလိုပါ။ ကပ်ဖဲ့ရပ်ဖဲ့ခိုင်းလို့ လုပ်ရတာဖြစ်တဲ့အတွက် စာတပုဒ်တော့ ချိုးလို့ရပေမဲ့ စာထဲမှာ ပါတဲ့ အကြောင်းအရာက မှတ်သားစရာ၊ အတုယူစရာ မပါပါ။ ခန့်ညားတဲ့ စာချိုးတပုဒ်လည်း မဖြစ်ခဲ့ရပါ။ ကျောင်းထိုင် ဘုန်းတော် ကြီးက အစကတည်းက တဖက်လူဂွကျပြီး မလုပ်နိုင်အောင် သူ့အကြိုက် ပေါက်ပန်းဈေးတွေကို ပြောပြီး ခိုင်းပါတယ်။ စာမချိုး နိုင်ရင် သူ့ကျောင်းမှာ ပေးမတည်းဘူး ဆိုပြီးလည်း တဖက်မှာ အကြပ်ကိုင်ထား ပါသေးတယ်။ တကယ်ဆိုရင် ဥပမာအားဖြင့် ကြမ်းဗြဲရွာ သာယာလှပုံကို စာချိုးခိုင်းရင် ပိုမကောင်းဘူးလား။ ဒါမှမဟုတ်လည်း သူ့ကျောင်းက သံဃာတွေ၊ ကိုရင်တွေ စာတော်ကျောင်း စာစပ်ခိုင်းရင်ကော မကောင်းဘူးလား။
၂ဝ၁ဝ ရွေးကောက်ပွဲဟာ လုပ်ဖြစ်တယ် ဆိုရင်လည်း ပေါက်ပန်းဈေး သတ်မှတ်ချက်တွေ ဥပဒေတွေနဲ့ အခြေခံထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မှီပြီးလုပ်မှာဆိုတော့ ပေါက်ပန်းဈေး ရလဒ်ပဲ ထွက်မှာပါ။ ခန့်ညားတဲ့ ကောင်းမွန်တဲ့ ရလဒ်တော့ ရလိမ့်မယ် မဟုတ်ပါဘူး။ ကိုယ့်အကြိုက် တခုတည်း အပေါ်မှာ အခြေခံထားတဲ့ ရောသမမွှေကြီး ဖြစ်နေလို့ပါ။
ဇော်မင်း (လူ့ဘောင်သစ်)
၂၇ ရက် ဖေဖေါ်ဝါရီလ ၂ဝဝ၉ ခုနှစ်
Remarks: Author allowed to reprint