Wednesday, March 25, 2009

ငွေမပို့နိုင်တာက



မလေးရှားမှာ အလုပ်လာလုပ်တာ သုံးနှစ်ကျော်ပါပြီ။ မလေးရှားကို မလာခင် မောင်ရီ မလေးရှားလာဖို့အတွက် တအိမ်လုံးက ရှိစု မဲ့စုတွေရောင်း ငွေတိုးနဲ့အိမ်ကိုပေါင် စသဖြင့် လုပ်ခဲ့ရသည်။ ပွဲစားခတွေကလည်း အများသား။ ရန်ကုန်မှာကတည်းက ပတ်စ်ပို့ ရဖို့ ဟိုထောက်ခံစာ သည်ထောက်ခံစာရဖို့ အလုပ်ဗီဇာရဖို့ အစရှိတာတွေ အတွက် ကုန်ခဲ့ရတာတွေကလည်း မနည်း။ ထားပါ တော့။ နောက်ဆုံးတော့ ကွာလာလမ်ပူမြို့ကြီးကို ဆိုက်ရောက်တယ်ပေါ့။

ရောက်ရောက်ခြင်းဘဲ ကွာလာလမ်ပူမြို့ အစွန်က စက်ရုံတခုမှာ အလုပ်ကတော့ရသည်။ ဒါပေမဲ့ မြန်မာပြည်မှာတုံးက ထင် ထားသလို ပွဲစားပြောသလို ဝင်ငွေကောင်းလွန်းတာမျိုး မဟုတ်။ စနေ၊ တနင်္ဂနွေပါ မနားဘဲ အလုပ်ချိန်အပို အပါအဝင် တလ လုံး ကုန်းရုန်းလုပ်ပါမှ မလေးငွေ ရင်းဂစ် ခွန်နှစ်ရာ ခန့်လောက်သာ ဝင်သည့် စက်ရုံလုပ်သား ဘဝဖြစ်သည်။ မြန်မာကျပ်ငွေနဲ့ ပြန်တွက်ရင်တော့လည်း နှစ်သိန်းစွန်းစွန်းလောက် ဝင်သည်ဆိုတော့ နှိုင်းစာကြည့်ရင် မြန်မာပြည်မှာ တလတလ ရင်မော အောင် လုပ်ရတာထက်တော့ သာတယ်ပဲ ဆိုနိုင်သေးသည်။

"မောင်ရီ တကုတ်ကုတ်နဲ့ စာတွေ ရေးနေလိုက်တာ ရန်ကုန်မှာ ကျန်ခဲ့တဲ့ ရည်းစားအတွက်လား" ဟု အခန်းဖော် တဦး ဖြစ်သူ ကိုစံလုံးက အခန်းထဲ ဝင်လာလာခြင်း နောက်လိုက်သည်။ "ရည်းစားလည်း မူးလို့တောင် ရှုစရာမရှိ ပါဘူး ကိုစံလုံးကြီးရာ။ အိမ်ကို သာကြောင်းမာကြောင်း ရေးနေတာပါ။" အလုပ်ရှင်သူဌေးက ပေးထားသော အခန်းတွင် သူတို့လို မြန်မာလုပ်သား ငါးဦးခန့် စုနေကြသည်။ စု၍ အလှည့်ကြ ချက်ပြုတ်စားကြသည်။ ကြာတော့ တဦးနဲ့တဦး တယောက် အကြောင်း တယောက် အတွင်းသိအစင်းသိ ညီအကိုများလို ဖြစ်လာခဲ့ကြသည်။ သူတို့အားလုံးမှာ တူတာတချက်ရှိသည်။ အဲတာကတော့ မလေးမှာ အလုပ်ရသည်ဟု ဆိုပေမဲ့ မလေးမလာခင် တင်ရှိခဲ့တဲ့ ဟိုမှာကျန်ခဲ့တဲ့ အကြွေးများကို ပြန်ဆပ်ဖို့ လခထုတ်တိုင်း မှန်မှန်ငွေပြန် လွှဲ ရခြင်းပင်သည်။ အဲတာကြောင့် ရံဖန်ရံခါ ဘီယာလေးဘာလေး သောက်ချင်တာတောင် ဘရိတ်အုပ်ထားကြရသည်။ နေနှင့် ဦး။ အကြွေးကြေမှ ဘီယာကို ကပ်လိုက်ဝယ်သောက် လိုက်ဦးမယ်ဟု သူတို့ ကြွေးကြော်လေ့ ရှိသည်။

ကိုစံလုံးက "ဒါများ မောင်ရီရာ လမ်းထိပ် အင်တာနက်ဆိုင်ကနေ အီးမေးသွားပို့လိုက်ပေါ့။ လွယ်လွန်းလို့" ဟုထပ်၍ ကွန့် လိုက်သည်။ "ကျနော့် အမေက ရိုးရိုးအအဆိုတော့ အင်တာနက်တွေ အီးမေးတွေ မသိဘူးဗျ။ ကျနော်တို့ ရပ်ကွက်ထဲ မှာလည်း အင်တာနက်ဆိုင် မရှိဘူးလေ။ ကျနော့်ညီမတွေတောင် အင်တာနက် သုံးချင်ရင် မြို့ထဲပိုင်းကို ထွက်ရတဲ့ ဥစ္စာ။ လမ်းစရိတ်က ကုန်သေးတယ်။ အမေက စိတ်ပူတတ်လို့ တလစာလေး နှစ်စောင်လောက် ရေးရတာ အပန်းမကြီး ပါဘူးဗျာ။"

သူတို့ အလုပ်သများအားလုံး ငွေကိုချွေတာကြသည်။ သူများတိုင်းပြည်မှာ ရောက်နေတုန်း မိဘများ ကွယ်ရာမို့ လွတ်လပ် တယ်ဆိုပြီး နေချင်သလိုနေ သုံးချင်သလိုသုံး မလုပ်ကြ။ တလတခါလောက် စု၍ သောက်ဖြစ်စားဖြစ် တာကလွဲလို့ တခြားအပို သုံးစွဲခြင်း မရှိသလောက်ပင်။ ထမင်းဟင်း ချက်တာကိုလည်း စရိတ်သက်သာစေရန် အားလုံးစု၍ ချက်စား ကြသည်။ မောင်ရီဆိုလျှင် ကွာလာလမ်ပူမြို့ထဲကိုပင် သုံးလေးခေါက်သာ သွားလည်ဖူးသည်။

မြန်မာပြည်မှာ ကျန်ခဲ့သည့် အကြွေးတွေ ကြေဖို့ သူတို့အားလုံး တနေ့တလံ ပုဂံဘယ်ပြေးမလဲ ဆိုသည့် ထုံးကို နှလုံးမူ၍ အလုပ်ပြီးရင်း အလုပ်ကိုသာ ဖိလုပ်နေကြသည်။ အရွယ်တွေကလည်း အရွယ်ကောင်းတွေဆိုတော့ သည်လို ပင်ပန်းတာ မျိုးကို မမှု။

ထိုအချိန်၌ အခန်းထဲသို့ နောက်အခန်းဖော်တဦး ဖြစ်သူ အောင်သန်းဝင်လာ၍ "ကိုစံလုံးကြီး ခင်ဗျားက အကြွေးတွေ ကျေ သလောက် ဖြစ်နေပြီဆိုတော့ ရှေ့နှစ် မိန်းမပြန်ယူ တော့မလို့ဆို။ မောင်ရီရေ စွံတော့မယ့် လူတွေကို ကြည့်ထားဟေ့။ ဒါပေမဲ့ တခုတော့ ရှိတယ်နော်၊ ရန်ကုန်မပြန်ခင် ကျနော်တို့ တအုပ်လုံးကို ဘီယာအဝ တိုက်ရမယ်" ဟု ပြောရင်း အရေးဆိုလိုက် သေး သည်။ ထိုရောအခါ၌ ကိုစံလုံးက လေပူတချက် မှုတ်ထုတ်လိုက်ရင်း ဤသို့ဆိုလေသည်။

"အောင်သန်းရာ ငါ့မှာ အကြွေးတွေ ကျေသလောက်မို့ စိတ်နည်းနည်း ချမ်းသာနေတုံး အခုမင်းပြောမှဘဲ မေ့ထားတဲ့ အပူက ပြန်ပေါ်လာတယ်ကွ။ ဘာလဲ ဆိုတော့ မိန်းမယူပြီးရင်လည်း ရန်ကုန်မှာ ဘာလုပ်စားရမှန်း မသိတော့ မိန်းမကို ထားခဲ့ပြီး ဒီမလေးမှာဘဲ နောက်တခါ ကျွန်ခံဖို့ ပြန်လာရဦးမှာကို တွေးမိလို့ဟေ့။ အကြွေးကြေပေမဲ့ သတ်သတ်စုထားတဲ့ ငွေဆိုတာမှ မရှိသေးတာ။ ဒီသံသရာကြီးက ဘယ်တော့မှ ဆုံးမလဲ မသိပါဘူးကွာ။ ငါ့ကိုကြည့် ဟေ့ကောင်တွေရေ။ မိန်းမမယူချင်သေး နဲ့ ဦးဟ။" ကိုစံလုံး အပြောကြောင့် မောင်ရီအပါအဝင် အခန်းသားအားလုံး ဝိုင်းရယ်လိုက်ကြသည်။

သည်လိုနှင့် ၂ဝဝ၉ ခုနှစ်ထဲရောက်လာသည်။ ကမ္ဘာ့စီးပွါးရေး အကြပ်အတည်းကြီး လာနေပြီတဲ့။ နိုင်ငံခြားသား လုပ်သား များကို မလေးရှားတွင် စက်ရုံပိုင်ရှင်များက လျော့ချတော့မည်ဆိုသည့် သတင်းက သူတို့အုပ်စုကိုလည်း အခြားသူများနည်းတူ ရင်ပူစေသည်။

အထူးသဖြင့် အကြွေးများ မကျေသေးသည့် မောင်ရီတို့လို လူများက ပို၍စိတ်သောက ရောက်ကြသည်။ ဟုတ်သည်လေ။ သူတို့လစဉ်ပြန်ပို့သည့် ငွေက အကြွေးခြေဖို့ တခုတည်းသာမဟုတ် နေ့စဉ်စားရေးဝတ်ရေး အတွက်လည်း သုံးစွဲရသည်။ နေထိုင်မကောင်းသည့် အခါလည်း ဆေးဖိုး ဖြစ်သွားရသည် မဟုတ်လော။ မြန်မာပြည်တွင် စားသောက်ကုန် သာမက ဘာမဆို ကုန်ဈေးနှုန်း ကြီးမြင့်နေသည့်အတွက် အလုပ်သမား လျော့ချမည့် အထဲတွင် ကိုယ်ပါသွားမှာကိုတော့ အားလုံးက စိုးရိမ်ကြ သည်။

လာမဲ့ဘေး ပြေးတွေ့ဆိုပေမဲ့ အခုဟာက ဘေးကြီးက ကိုယ့်ကိုယ် ပြေးလာတွေ့ခြင်း ဖြစ်နေသည်။ မောင်ရီတို့ ငါးယောက် အုပ်တွင် မောင်ရီအပါအဝင် သုံးယောက် အလုပ်သမားလျော့ချသည့်အထဲ ပါသွားသည်။ အလုပ်လက်မဲ့ ဖြစ်သွား သော်လည်း မောင်ရီတို့က အခြားစက်ရုံကြီးများနှင့် တခြားကြားပေါက် အလုပ်များ ရလိုရငြားဆိုသော မျှော်လင့်ချက်ဖြင့် အလုပ်ရှာနေကြ သည်။ လက်ရှိအခန်းလေးထဲတွင် အတူတူစု၍ ဆက်နေကြသည်။ မောင်ရီကတော့ သူ့အမေကို အလုပ်ကလုံးလုံး ပြုတ်သည်ဟု အသိပေးပါက ဟိုမှာသောက ရောက်မှာစိုး၍ စာရေးကာ ဤသို့ပြောထားသည်။ အလုပ်က သည်ရက်များအတွင်း ရှိသော်လည်း အဆင်သိပ်မပြေကြောင်း။ ထို့ကြောင့် လစဉ်ငွေမှန်မှန် ပို့ရန်အတွက် အခက်အခဲ ရှိနေကြောင်း။ ဝင်သည့် ငွေကလည်း နေရေး စားရေးအတွက် ပြန်သုံးနေရကြောင်း။ အခုသူတို့ ငါးရောက်စလုံး အစစ အရာရာ ချွေတာနေရကြောင်း။ ထမင်းစားသည်ကိုပင် မနက်ပြန်ညပြန် ဖြစ်သလို ကြက်ဥနှင့် နှစ်ပါးသွားနေရကြောင်း အစရှိသဖြင့် နတ်သံနှော၍ စာရေးပို့လိုက်သည်။

တနေ့။ "မောင်ရီ စာဖတ်ပြီး ဘာတွေမျက်နှာ မကောင်းဖြစ်နေတာလဲဟ" ကိုစံလုံးကြီးက မေးလာသည်။ "မင်း အမေများ နေမကောင်းလို့လား" ဟုအောင်သန်းကလည်း ဝင်မေးသည်။ "အမေ့စာပါ။ နေလည်းကောင်းပါတယ်။ ဒါပေမဲ့ ဖတ်သာ ကြည့်ကြပါဗျာ။ ကျနော်လည်း ဘာမှမပြောတတ်တော့ဘူး" ကိုစံလုံးလက်ထဲသို့ မောင်ရီက စာကို ထိုးပေးလိုက်သည်။ ကိုစံလုံး နှင့် အောင်သန်းတို့ မောင်ရီ၏ မိခင်ကြီးပို့လိုက်သော စာကို ပြိုင်တူဖတ်လိုက်ကြရင်း ဟင်းကနဲ သက်ပြင်းရှည် ကြီးများကို ပြိုင်တူမှုတ်ထုတ်ရင်း အပူများကို မျှဝေလက်ခံ လိုက်ကြရသည်။

မောင်ရီ့အမေက ငွေမှန်မှန် မပို့နိုင်သည့်အပေါ် သူ့သားကို အထင်လွဲနေရှာသည်။ စာထဲတွင် စာတကြောင်းက ဤသို့ ဆိုထား သောကြောင့် ဖြစ်သည်။ "ငါ့သား မင်းကနေ့တိုင်း မနက်ပြန်ညပြန် ကြက်ဥတွေနဲ့ စားနေမှတော့ ဘယ်လိုလုပ် ငွေပို့နိုင်တော့ မှာလဲ။"

ဇော်မင်း (လူ့ဘောင်သစ်)
၂၄ ရက် မတ်လ ၂ဝဝ၉ ခုနှစ်

(ခံဝန်ချက်။ ။ မိတ်ဆွေတဦးပြောပြသော မလေးရှားရောက် မြန်မာအလုပ်သမား တဦး၏ ဇာတ်ကြောင်းအား မှီး၍ ပြန်လည် ရေးသားခြင်း ဖြစ်ပါသည်။)

Remarks: Author allows to reprint at BDD

No comments: