၅ ရက် မတ်လ ၂ဝဝ၉ ခုနှစ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ကလင်တန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး
အမေရိကန် အစိုးရအနေနဲ့ ထိရောက်တဲ့ ပေါ်လစီ သစ်များ ချမှတ်ဖို့ ရှိကြောင်း
ပြောလိုက်တော့ ဟိုကဒီက အသံများ ထွက်လာကြပါတယ်။
အဓိကတော့ မြန်မာစစ်အစိုးရ အပေါ်မှာ ထားရှိတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှု
ပေါ်လစီကိုအမေရိကန် အစိုးရ မကြာခင်မှာ ပြောင်းတော့မှာလားလို့ တချို့က
တွက်ချက်ပါတယ်။ စီးပွားရေးပိတ်ဆို့တဲ့ မူဝါဒဟာ မကောင်းဘူး ကောင်းတယ်
စသဖြင့် ထောင့် အမျိုးမျိုးကနေငြင်းခုံနေကြတာ အတော်လေးကြာခဲ့ပါပြီ။
မြန်မာနိုင်ငံထဲက တတိယအင်အားစုလို့ အခေါ်ခံရတဲ့ အုပ်စုကလည်း စစ်တပ်နဲ့
ပေါင်းပြီးအခုရသလောက်လုပ်ထား နောင် တနေ့ကြရင် သည့်ထက်ပိုလို့ အခွင့်
အရေး ရလာမယ်။ အဲသည့်အခါကြရင် မြန်မာပြည်ဟာ ပိုလို့ပွင့်လင်းတဲ့
လူ့ဘောင်တခုကို ရောက်လာနိုင်မယ်လို့ ပြောကြပါတယ်။ သူတို့သီအိုရီကို သူတို့
တင်ပြတဲ့ အပေါ်မှာ တင်ပြခွင့်ရှိပါတယ်။ သို့သော် ငါ့တို့အဆိုကမှ မှန်တယ်၊
ငါတို့ သီအိုရီသာ အလုပ်ဖြစ်လိမ့်မယ် ဟိုအတိုက်ခံတွေပြောသလိုမျိုးကတော့
မဖြစ်နိုင်တော့ဘူးဆိုပြီး တဖက်သတ် ပြောရင်တော့ ပြဿနာ ရှိနေတယ်လို့
ဆိုနိုင်ပါတယ်။ ကုန်တိုက်သွားပြီး ကိုယ်ကြိုက်တဲ့ အမှတ်တံဆိပ် ချုပ်ပြီးသား
အထည်ကို ဝယ်တဲ့ ကိစ္စမဟုတ်လို့ ဖြစ်ပါတယ်။
ပညာရှင်ဆိုသူ မြန်မာအချို့ကလည်း ဟိုဥပမာ ဒီဥပမာ၊ ဟိုဖေါ်မြူလာ
သည်ဖေါ်မြူလာများကို ကိုးကားလို့ ပြောကြ ပြန်ပါ တယ်။ ချီလီမှာ ဘယ်ကဲ့
သို့ ဖြစ်ခဲ့တယ်၊ ပိုလန်မှာတော့ ဒီနည်းက အလုပ်ဖြစ်ခဲ့တာ၊ အရှေ့တီမော
မှာ တော့ ဒီလိုလုပ်ခဲ့တာ၊ လိမ္မော်ရောင် တော်လှန်ရေး၊ နှင်းဆီတော်လှန်ရေး၊
ကတ္တီပါတော်လှန်ရေး အစရှိတဲ့ နိုင်ငံအချို့ကဖြစ်စဉ်တွေကိုလည်း တင်ပြ
ကြပါတယ်။ လေ့လာရေးအတွက် ကောင်းတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။
အခြား နိုင်ငံများရဲ့ ဖြစ်စဉ်ကိုလည်း လေ့လာဖို့ အထူးလိုအပ်ပါတယ်။
သို့သော်လည်း မြန်မာပြည်နဲ့ ကိုက်ညီနိုင်မဲ့ အခြေအနေတွေကို ထည့်သွင်းပြီး
တွက်ချက်ဖို့လည်း မမေ့သင့်ပါဘူး။ သိပံ္ပဓာတ်ခွဲခန်းမှာ ပူးများ ကြွက်များကို
စမ်းသပ်နေသလို မြန်မာပြည် အရေးကိုလည်း အဲသလို စမ်းချင် နေရင်တော့
သိပ်နေရာကြမယ်မဟုတ်ပါဘူး။ သန်းငါး ဆယ်ကျော်သော ပြည်သူများဟာ
သက်ရှိလူသားများ ဖြစ်တယ်ဆိုတာ မမေ့ဖို့လိုပါတယ်။
နိုင်ငံသားတို့ ဆန္ဒကို သိဖို့လိုပါတယ်။ နိုင်ငံသားတို့ ဘာကိုဖြစ်စေချင်တယ်
ဆိုတာကိုလည်း ထည့်သွင်း တွက်ချက်ဖို့ လိုပါတယ်။ အာဏာရှင်က အာဏာ
ရှိလို့ ငါလုပ်ချင်တာလုပ်မယ်ဆိုလည်း လုပ်ပေါ့။ ပွဲကပြီးသွားမှာမှ မဟုတ်တာ။
၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် နောက်ဆုံး
တိုက်ပွဲမဟုတ်ပါ။ နိုင်ငံရေး ဖြစ်စဉ်ပေါင်းအဆင့်ဆင့် ပေါင်း မြောက် များစွာ
ထဲက တခုမျှသာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ရဲ့ ပြောဆိုမှုကြောင့်
လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တာတော့ အမှန်ပါ။ စီးပွားရေး ပိတ်ဆို့အရေး
ယူခြင်းဟာ မြန်မာပြည်အတွက်အကျိုးရှိမရှိဆိုတဲ့ ခေါင်းစဉ်ကို ပြန
်ကောက်ရရင် ပြောစရာတွေ ငြင်းခုန်စရာတွေအများကြီး ရှိနေပါသေးတယ်။
သို့သော် ကျနော်တို့ အနေနဲ့ စေ့စေ့စပ်စပ် ပြန်ကြည့်၊ ပြန်တွက်ချက်၊ ပြန်
လေ့လာ စမ်းစစ်တာတောင်မှ တချို့ သမိုင်းဆိုင်ရာ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေ၊
အဖြစ်အပျက်တွေဟာ အခုခေတ်အထိ အကုန်အစင် အဖြူအမဲ ကွဲအောင်၊
လုံးလုံးမှန်တယ်လုံးလုံးမှားတယ်လို့ ဆုံးဖြတ်လို့ မရသေးတာတွေ ရှိနေပါတယ်။
ဥပမာ အားဖြင့် အချို့အချက်များကို တင်ပြရ မယ် ဆိုရင်
၁။ မြန်မာပြည်မှာ အင်္ဂလိပ်တွေကြောင့် ဘုရင်စနစ် ပျောက်ကွယ်သွားတာ
ကောင်း-မကောင်း၊ အကျိုးရှိ-မရှိ။
၂။ ဆရာစံ လယ်သမားသူပုန်ထမှုဟာ မနိုင်မှန်းသိရက်နဲ့ လုပ်ခဲ့တာဖြစ်လို့
အရူးထခြင်းတမျိုးသာ ဖြစ်တယ်။ မဟုတ်ပါ အမျိုးသားရေး နိုးထခြင်းရဲ့ အဆင့်
များစွာထဲက တခုဖြစ်ပါတယ်။၊
၃။ ရဲဘော်သုံးကျိပ် ဖြစ်တည်လာခဲ့ခြင်းအတွက် မြန်မာပြည်မှာ ကောင်းကျိုးနဲ့
ဆိုးကျိုး ဘယ်ဟာက ပိုများခဲ့သလဲ။
၎။ အင်္ဂလိပ် လက်အောက်ကနေ လွတ်လပ်ရေးယူခဲ့တာ သိပ်စောလွန်းတယ်။
မစောပါ။
၅။ လွတ်လပ်ရေး ရရခြင်း အင်္ဂလိပ်ပုံစံ ပါလီမန်ဒီမိုကရေစီ စနစ် ထူထောင်တာ
အကျိုးမရှိခဲ့ပါ။ အကျိုးရှိပါတယ်။
၆။ မြန်မာစစ်အစိုးရ ကျင့်သုံးနေသော ဈေးကွက်စီးပွားရေး စနစ်သည် နိုင်ငံ
သားအများစုအတွက် အလုပ်ဖြစ်ပါတယ်။ အလုပ် မဖြစ်ပါ။
၇။ မြန်မာစစ်အစိုးရကို စီးပွားရေးအရ အနောက်နိုင်ငံများမှ ပိတ်ဆို့အရေးယူ
ခြင်းသည် အလုပ်ဖြစ်သည်။ အလုပ်မဖြစ်ပါ။
၈။ မြန်မာပြည်ကို စစ်တပ်မှ အသွင်မျိုးစုံဖြင့် (၄၆) နှစ်ကြာအုပ်ချုပ်ခဲ့ခြင်းသည်
ဘာဘဲပြောပြော တိုင်းပြည် မပြိုကွဲရေး အတွက် အလုပ်ဖြစ်သည်။ ထို့ကြောင့်
၂ဝဝ၈ အခြေခံဥပဒေသစ်သည် လက်တွေ့ကျသည်။ ထောက်ခံပါတယ်။
မထောက်ခံပါ လိပ် များလို ကိုယ့်ဘက်ကို ယက်နေခြင်းသာ ဖြစ်ပါတယ်။
၉။ လူထုဆိုတကာ တကယ်တော့ ဘာမှသိပ်မသိ၊ ထို့ကြောင့် တို့တွေ ကသာ
ဦးဆောင်ရမယ်။ မှန်ပါတယ်။ မဟုတ်ပါ မှားနေပါတယ်။
အထက်မှာ တင်ပြခဲ့တဲ့ အချက် (၉) ချက်ကို အကုန်လုံး ဒီနေရာမှာ
မဆွေးနွေး တော့ပါ။ တချက်နှစ်ချက် လောက်သာ ဆွေးနွေး လိုပါတယ်။
အဲတာတွေကတော့ ဘုရင်စနစ် နဲ့ ပတ်သက်လို့ ပြောရရင် ဗမာတွေအကြား
မှာ အမြင်အမျိုးမျိုးကွဲပြားမှာတော့ သေချာပါတယ်။ သို့သော် ထိုင်း နိုင်ငံက
ပြည်သူ တွေဆိုရင် သူတို့သမိုင်း ဖြစ်စဉ်အရ ဘယ်လိုပြောမလဲ။ သူတို့
ချဉ်းကပ်မှုတွေ ဟာ စိတ်ဝင်စားဖို့ ကောင်းပါ လိမ့်မယ်။
စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ မိတ်ဆွေတဦးက ဒီလိုဆွေး
နွေးခဲ့ဖူး ပါတယ်။ စပိန်နိုင်ငံမှာ တချိန်တုံးက အာဏာရှင် ဖရန်ကို အုပ်ချုပ်
ခဲ့လို့ အခြား အနောက်နိုင်ငံများကနေ စီးပွားရေး ပိတ်ဆို့မှုကို ခံခဲ့ရပါတယ်။
ဒီအကျိုးဆက် အဖြစ် ဖရန်ကို မရှိတဲ့နောက်ပိုင်းမှာ ဆက်ပြီး ဆင်းရဲခဲ့တယ်။
အနောက်ဥရောပနိုင်ငံများ အကြားမှာ အဆင်းရဲဆုံး ဖြစ်ခဲ့ ရတယ်လို့ ဆိုပါ
တယ်။
ကျနော့ အမြင်က ဒီလိုကော မဖြစ်နိုင်ဘူးလားလို့ ဆွေးနွေးပါတယ်။
ဒီစီးပွားရေးပိတ်ဆို့မှု တွေကြောင့် နောက်ထပ် ဖရန်ကို လက်သစ်တယောက်
စပိန်မှာ ထပ်ပေါ်မလာ ခဲ့တာကော မဖြစ်နိုင်ဘူးလားဆို့တဲ့ ချဉ်းကပ်မှု ဖြစ်ပါ
တယ်။ ဒါ့အပြင် စပိန်နိုင်ငံအနေနဲ့ အနောက်ဥရောပ နိုင်ငံများ အကြားမှာ
ဆင်းရဲခဲ့တာစီးပွားရေး ပိတ်ဆို့မှုတခုထဲကြောင့်လား။ သည့်အပြင် နောက်ထပ်
အချက်အလက်များကောမရှိနိုင်တော့ဘူးလား။ ဥပမာ သူ့အစိုးရကပဲ သူ့နိုင်ငံ
သားတွေကို ဘာမှလုပ်မရအောင်ပိတ်ဆို့ထားတာ တွေကိုကော ထည့်သွင်း
မတွက်ချက်သင့်ဘူး လားဆိုတဲ့ အမြင်ဖြစ်ပါတယ်။
ထပ်ပြီးထည့်မယ်ဆိုရင် နောက်ထပ်အချက်အချက်တွေ အများကြီး
ရှိပါသေးတယ်။ အခုလောလောဆယ် အနေနဲ့ ဒီလောက်နဲ့ပဲ ငြင်းခုံကြည့်မယ်
ဆိုရင် အဖြူအမဲ ကွဲပြားတဲ့ အဖြေမျိုး ရှိနေသလို နောင်နှစ်ပေါင်းများစွာ ကြာမှ
ဖြူမှန်း မဲမှန်းသိရမည့်ကိစ္စတွေလည်း ရှိပါတယ်။ ဒါ့အပြင် နောင်အနှစ် တရာ၊
နှစ်ရာအထိ အဖြူအမဲ မကွဲနိုင်မဲ့ ကိစ္စများ လည်း ကျန်ရှိနေပါသေးတယ်။
သို့သော် သေချာတာ တခုတော့ ရှိပါတယ်။ သင်ဘယ်သူ့ဖက်က ရပ်ပြီး စကား
ပြော မှာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ စမ်းသပ်ခန်း ထဲက ပူးတွေကြွက်တွေ ဖက်
ကရပ်မှာ လား။ နိုင်ငံထဲက လူတွေဖက်က ရပ်မှာလား။
ဇော်မင်း (လူ့ဘောင်သစ်)
Remarks: Author allowed to reprint