Friday, February 20, 2009

မိအေး မပလီတော့ပြီ

-ဇော်မင်း-

ကျွန်းတောကုန်း ဆိုတဲ့ရွာလေးဟာ ရွှေဘိုခရိုင်ထဲမှာရှိတဲ့ ရွာပေါင်းများစွာထဲက သာမန်ရွာလေး တရွာသာ ဖြစ်သည်။ ရွာရဲ့အပြင် မလှမ်းမကမ်းမှာ ရှေးကတည်းက ခပ်ကြီးကြီး ကျွန်းတောတအုပ် ရှိနေတာကို အစွဲပြုပြီး သည်အမည် တွင်ခဲ့ခြင်းဖြစ်သည်။ မြေပြန့် ကျွန်းတောအုပ်ကြီး ဖြစ်သည်။ ဦးလှသော်တယောက် သည်ရွာလေးကို မူလတန်း ကျောင်းဆရာအဖြစ် ရောက်လာ ခဲ့တာ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်က။ အရှိန်ဖြင့် ပြေးသွားသော မျှားတစင်း နှယ် နှစ်တွေကား မနည်းတော့။

အနှီတောကျောင်းတွင် စာသင်ရင်းဖြင့် နှစ်အနည်းငယ်အတွင်း ဦးလှသော်တယောက် ကျောင်းအုပ်ကြီး ဖြစ်လာခဲ့သော် လည်း လက်ထောက် ဆရာကိုပါ ထဲ့ရေတွက်ပါမှ စုစုပေါင်း ဆရာနှစ်ယောက်သာ ရှိသည်။ ဘာကြောင့်မှန်းတော့ ဦးလှသော်လည်း မသိ ကျွန်တောကုန်းက မိဘတွေဟာ ကလေးတွေ ငါးနှစ်ပြည့်တာတောင် ကျောင်းလာ အပ်လေ့မရှိကြ။ ကလေးများ ခွန်နှစ်နှစ် ရှစ်နှစ်အရွယ် ရောက်ပါမှ ကျောင်းလာထားကြသည်။ သည်တော့ ဘာကြောင့်ဆိုတာကို ဦးလှသော် စပ်စုရသည်။ "ဒေါ်လုံးစိန့့်  ခင်ဗျားတို့ရွာက မိဘတွေကို ကျုပ်ခဏခဏ ရှင်းပြပြီးသား။ ငါးနှစ်ပြည့်ရင် ကျောင်းအပ်လို့ရပြီလို့ ဆိုသာ၊ အဲသာကို ဘာဖြစ်လို့ နောက်ကျမှ လာလာ အပ်ကြသာတုံး။"

ထိုသောအခါ၌ ဒေါ်လုံးစိန်က "သလိုပါ ဆရာရဲ့ ကျုပ်တို့ရွာမှာ အလေ့တခုရှိသယ်။ ငါးနှစ်ဆိုတော့ ခလေးကို ရိုက်နှက် ဆုံးမဖို့က ငယ်လွန်းသေးတယ် မို့လား။ ခွန်နှစ်နှစ် ရှစ်နှစ်ရောက်တော့ အတော်ဘဲလေ။ စာမလိုက်ချင်တဲ့ ကလေး ကြောကွဲအောင် ရိုက်ရိုက် ဗြန်းဗြန်းကွဲအောင်ရိုက်ရိုက် သူတို့ခံနိုင်သွားပြီလေ၊ အဲသာကြောင့်ပါ" ဟုဆိုလေသည်။ သြော် ... ဖြစ်မှဖြစ်ရပလေ၊ ကျောင်းဆရာတွေဟာ တပည့်တွေကို ကြောကွဲအောင် ရိုက်ခွင့်ရှိတယ်ဆိုတဲ့ ဓလေ့ကြီးကို ဘယ်သူတွေ ကများ ထားခဲ့ပါလိမ့်ဟု ဦးလှသော် စဉ်းစားရင်း စိတ်မောမိသေးသည်။ သို့သော်လည်း နှစ်တွေကြာငြောင်း လာသည်နှင့် အမျှ ထိုကိစ္စဟာ ဦးလှသော် အတွက် ရိုးသွားခဲ့ခြေပြီ။

ကလေးများထဲတွင် မိန်းကလေးဆိုပေမဲ့ ဦးလှသော် သတိထားမိတဲ့ ကလေးတယောက်ရှိသည်။ သည်မိန်းကလေးက ပထမ တန်းက သွားချေးထူလေးနှင့် မိအေး။ မိန်းကလေး ဆိုသော်ငြားလည်း ယောက်ျားလေးများနှင့် ဖက်သတ်ချင် သတ်သည်။ နပမ်းကိုင်ချင် ကိုင်ပစ်လိုက်သည်။ ထို့ကြောင့် မကြာခဏ အတိုင်အတော ခံရသည်။ ပြောရရင်တော့ မိအေးက ဦးအောင် တခုခုလုပ်လိုက် ချည်းသာဖြစ်သည်။ "ဆရာကြီး... ကျနော့်ကျောက်သင်ပုန်းကို မိအေးရယ် တက်နင်းလို့ ကွဲသွားသယ် ခင်ဗျာ့" ဟု ဖိုးကြာက တိုင်လှာသည်။ ထပ်ချပ်မကွာ နောက်မှပါလာသော မိအေးက "မဟုတ်ဖူး ဆရာကြီး သူပလီသာရယ်။ ကျမ ကြောင့် မဟုတ်ဖူး။ သူ့ကျောက်သင်ပုန်းက နဂိုကတည်းက အကွဲကြီးဟာရယ်" ဟု လျောက်လဲချက် ပေးသည်။ "မိအေး နင်မလိမ်နဲ့"၊ "ငါမလိမ်ဘူး နင်ပလီသာ၊ အပလီကောင်" ပြောရင်း ထလုံးကြတော့သည်။ နှစ်ယောက်စလုံးအား ကြိမ်နှင့် နှစ်ချက်သုံးချက်စီလောက် ခပ်စပ်စပ်ကလေး ရိုက်၍ ဦးလှသော် တယောက် ရန်ပွဲကို အဆုံးသတ်ပေး လိုက်ရသည်။

"ဆရာကြီး... မိအေးရယ် ကျနော့်လွယ်အိတ်ထဲက သရက်သီးမှည့်ကို မပြောဘဲ နှိုက်စားသွားသယ်"ဟု ချက်ကြီးက တိုင်လာ သည်။ လာပြန်ပေါ့ နောက်တခါ။ "မဟုတ်ဖူး ဆရာကြီး သူပလီသာရယ်၊ ကျမ သူ့လွယ်အိတ်ကို ကိုင်တောင်မကိုင်ဘူး"။ သို့သော် မိအေးနှုတ်ခမ်း တဝှိုက်တွင် သရက်သီးမှည့် အစအနများက ရှိနေတုံး။ မိအေးကား ဤသို့လည်း ခြေမြန်လက်မြန် ရှိသည်။ လက်ဖဝါး ဖြန့်ခိုင်းပြီး မိအေးကို လက်စွဲတော်ကြိမ်လုံးဖြင့် နှစ်ချက်လောက် ရိုက်လိုက်ရသည်။

ယောက်ျားလေးများပင် မိအေးဒဏ်ကို ခံရသည်ဆိုတော့ အခြားမိန်းကလေးများ အတွက်ကား ဆိုဖွယ်ရာမရှိ။ ဂွမ်းပုံတို့၊ မိနောက်တို့ဆိုလျှင် မျက်ရည်လည်ရွှဲနှင့် မိအေး ဗိုလ်ကျသမျှ ပြန်မပြောရဲ။ ဦးလှသော်ကို တိုင်ဖို့ဆိုတာတော့ ဝေးရော။

မိအေးနှင့် ပတ်သက်၍ မှတ်မှတ်ရရရှိသည့် အဖြစ်တခုက ရှိသေးသည်။ ဝါဆိုသင်္ကန်း ကပ်ဖို့အတွက် သူတို့မူလတန်း ကျောင်းမှ တတ်နိုင်သမျှ ပါဝင်လှူဒါန်းရန် ဦးလှသော်က လက်ထောက်ဆရာဖြင့် တိုင်ပင်၍ စီစဉ်သည်။ ထို့အတွက် ကျောင်းသားတဦး လျှင် ဆယ်ပြားစီ ထည့်ဝင်ဖို့၊ နောက်တနေ့ ကျောင်းလာပါက မိဘများထံမှ ဆယ်ပြားစီ တောင်းလာခဲ့ရန် ကျောင်းသားများကို ညွှန်ကြားလိုက်သည်။ ကျောင်းသား ကျောင်းသူတိုင်း အားလုံးလိုလို ဆယ်ပြားစီ ထည့်ဝင်လှူဒါန်း သော်လည်း မိအေးကတော့ "ဆရာကြီးရှင့် အမေက အဆင်မပြေသေးလို့ နောက်မှ သူလာပေးပါ့မယ်လို့ မှာလိုက် သယ်ရှင့်"ဟု ဆရာဦးလှသော်ကို တင်ပြလှာသည်။ ကိစ္စမရှိ သူတို့မိသားစု အဆင်မပြေသေး၍ ဖြစ်မည်ဟု ဦးလှသော်က မှတ်ယူလိုက်သည်။ တရက်ပင်မကြာ မိအေးဘာလုပ်သည် ဆိုတာ ပေါ်ကုန်တော့သည်။ မိအေးဒဏ်ကို ခံထားရသည့် ကျောင်းသားများက လက်တုံ့ပြန်သည့် အနေဖြင့် လက်ထောက်ဆရာမှ တဆင့် ဆရာကြီး ဦးလှသော်ထံသို့ သတင်းပေး သောကြောင့်ပင်။ မိအေးအား သူ့အမေက ဝါဆိုသင်္ကန်း အလှူငွေထည့်ရန် ဆယ်ပြား ပေးလိုက်သည်။ သို့သော် မိအေးက လမ်းတွင် မုန့်ပျစ်သလက် နှစ်ချပ်ဝယ်စား လိုက်သည်ဟူ၍ သတင်းများက ဆိုလာသည်။

တိုင်ကြားလာသော သတင်းများအရ မိအေးကို ဆင့်ခေါ်၍ ဦးလှသော် စစ်ဆေးရတော့သည်။ "မိအေး ငါ့ကို မှန်မှန်ပြောစမ်း။ နင်လမ်းမှာ ဝါဆိုသင်္ကန်းလှူဖို့ ပိုက်ဆံကို မုန့်ဝယ်စားပစ်သယ်ဆို ဟုတ်သလား"။ "ကျမ မုန့်ဝယ်မစားဘူးရှင့် အမေကကို မပေးလိုက်သာ ဆရာကြီး။ ကျမ မပလီပါဘူး"။ ဤတွင် ဦးလှသော်က "အေးလေ ဒါဖြင့် နင်ပလီဘူးဆိုရင် နင့်အမေ ပလီသာပဲ ဖြစ်မယ်။ ညနေ ကျောင်းလွှတ်ရင် နင့်အမေကို ငါသွားတွေ့ လိုက်မယ်" ဟုဆိုမှ မိအေးက အမှန်အတိုင်း ဝန်ခံလေသည်။

နှစ်များစွာ ဖြတ်သန်းခဲ့ပြီးနောက် မိအေးလည်း ဖိုးကြာနှင့် အိမ်ထောင်ကြသည်။ ကလေးနှစ်ယောက်လည်း ရခဲ့ပြီ။ ကျွန်းတော ကုန်းက တောင်သူများလည်း အများနည်းတူ ရုန်းကန်နေကြဆဲ။ စိုက်ပျိုးရေး နားချိန်တွင်လည်း မနားနိုင်ကြသေး။ အပို ဝင်ငွေရအောင် ရှမ်းပြည်ဖက်တက်၍ လက်ဖက်ခူး လိုက်ကြသည်။ သို့သော် တောသူ တောင်သားများ၏ ဘဝကား သည့်ထက် ပို၍ ထူးခြားမလာ။ သည်ဖက်ခေတ် ရောက်တော့ ပိုလို့ဆိုး လာသေးသည်။ ရွာသားတချို့ အဆက်ရ၍ ထိုင်းနိုင်ငံသို့ သွား၍ အလုပ်လုပ်ကြပြန်သည်။ မိအေးတို့ ဖိုးကြာတို့လည်း ကလေးများကို အဖိုးအဖွားနှင့်ထား၍ သူများနည်းတူ ထိုင်းနိုင်ငံတွင် အလုပ်သွား လုပ်ကြသည်။

သုံးနှစ်လောက်ရှိတော့ ရွာကို အလယ်ပြန်လာကြသည်။ မိအေးလယ်ပင်းမှာ ယိုးဒယားဘတ်ကြိုး တန်းလန်းနှင့်။ မျက်နှာ ကလည်း မော့တော့တော့။ သို့သော် ပင်စင်စား ဆရာကြီး ဦးလှသော်ကိုတော့ လက်ဆောင်တချို့နှင့် လာကန်တော့ ရှာသည်။ ဆရာ့ကို မမေ့သော ဆိုးပေမကို သည့်ထက်ပို၍ အဆင်ပြေစေကြောင်း မဆုံးနိုင်အောင် ဆုများတောင်း ပေးလိုက်သည်။ "ယိုးဒယားမှာ အလုပ်လုပ်ရတာ ဘယ့်နှယ့်လဲ မိအေးရဲ့ အဆင်ပြေကြသယ် မို့လား"။ "ဆိုးတော့ မဆိုးပါဘူး ဆရာရဲ့။ သာပေမဲ့ ယိုးဒယားတွေက ပလီခြင်တင်တင် ဆရာရဲ့၊ လုပ်အားခ ရှင်းခါနီးဆို မန်နေဂျာက ပလီစိချောက်ချက် လုပ်ခြင်သေးတာ။ ချက်ခြင်းမရှင်းဘူး" ဟုမိအေးက မဲ့ကာရွဲ့ကာဖြင့် ဆို၏။ သည်တော့ လင်ဖြစ်သူ ဖိုးကြာက "မင်းကလည်းကွာ ကောင်းသဲ့ သူလည်း ကောင်းပါသယ်ဟ" ဟုဝင်ထောက် လိုက်သည်။ သြော် ... မိအေး မိအေး ငယ်ငယ်တုံးက သူများတွေကို ပလီခဲ့သူ၊ ဆရာ့ကိုတောင် ပလီခဲ့တဲ့ တာတေမ။ အခုတော့ သူကိုယ်တိုင် ပလီခံထိနေရပြီးကိုးဟု စဉ်းစားမိရင်း ဦးလှသော် ပြုံးမိ၏။

ဖိုးကြာက "ဆရာကြီး ဒါနဲ့စကားမစပ် ရွာဘေးက ကျွန်းတောကြီးက ဘယ်လိုဖြစ်သွားသာလဲ ကုန်သလောက် တောင်ပါ ဘဲလား"ဟု အမေးရှိလာသည်။ "အေးကွာ ပြောရင်ဆုံးနိုင်မှာလည်း မဟုတ်ပါဘူး။ မင်းသိတဲ့အတိုင်း သည်ကျွန်းတော ကြီးဆိုတာ ရှေးအဆက်ဆက် ကတည်းက ရပ်ရွာကပိုင်တာမို့လား။ အများနဲ့ ဆိုင်သဲ့ကိစ္စ မဟုတ်ရင် ရွာသားရော ရွာလူကြီး ကိုပါ ခုတ်ခွင့်မပြုခဲ့သာ အားလုံးအသိဘဲဟာ။ သာပေမဲ့ အခုအစိုးရက ပြောသယ်တဲ့။ မြေပေါ် မြေအာက် ရေပေါ်ရေအောက် သယံဇာတမှန်သမျှ နိုင်ငံတော်က ပိုင်သယ်တဲ့။ ဒို့ရွာက မပိုင်ဘူးသဲ့ မောင်ရေ။ နောက်ဆုံးတော့ ဘယ်ကုမ္ပဏီဆိုလား လွှဲပေးလိုက်ပြီး လာခုတ်သွားတာ မင်းမြင်သဲ့ အတိုင်းဘဲ။" "ဟင် သာဆိုရင် အစိုးရက ပလီသာပေါ့" ဟု မိအေးက ဝင်ထောက် ပြန်သည်။ ကျွန်းတောကုန်းကား ကျွန်းပြောင်ကုန်းဘဝသို့ ရောက်ခဲ့ချေပြီ။

ဟိုမှာအလုပ် အဆင်ပြေသည်ဆို၍ သည်တခေါက်တွင် မိအေးတို့လင်မယား ကလေးများကိုပါ ခေါ်၍ မိသားစု တပျော်တပါးကြီး ထိုင်းနိုင်ငံသို့ ပြန်သွားကြသည်။ ဘယ်နေရာရောက်ရောက် ကလေးတွေကို ဖြစ်တဲ့နည်းနဲ့ ကျောင်းတော့ ထားပါကွာဟု ဆရာကြီးဦးလှသောက် မိအေးတို့ လင်မယားကို မှာလိုက်သည်။

နှစ်နှစ်ကျော် သုံးနှစ်လောက်ရှိတော့ မိအေးတယောက် ရွာကို ပြန်ရောက်လာသည်။ သို့သော် သူတဦးတည်းသာ။ ကြားရတဲ့ သတင်းနဲ့အတူ မိအေးကို မြင်လိုက်ရတော့ ဆရာကြီးရင်ဆို့သွားသည်။ ဆူနာမီလို့ ခေါ်တဲ့ ရေလှိုင်းကြီးအောက်မှာ လင်နှင့် သားသမီးများ ဆုံးပါးခဲ့ခြင်းပင်။ အလောင်းတောင် မမြင်လိုက်ရဟု ရွာသားများထံက သိရသည်။ သူတို့ ကျွန်းတောကုန်းမှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေရင်း ဆူနာမီအောက်မှာ အသက်ဆုံးပါးသွားသူ ဆယ့်လေးငါးဦးခန့် ရှိသည်။ ရွာလုံးကျွတ် ပူဆွေး သောက ရောက်ကြရသည်။

မိအေးသည် ဆရာကြီးဦးလှသော် ရှေ့တွင် ကျုံ့ကျုံ့လေးထိုင်နေသည်။ "ဆရာကြီးရယ် ကျမ တခါတခါ စဉ်းစားမိပါသယ် ကျမ ငယ်ငယ်က ပလီသာတွေများခဲ့လို့ အခုလို ဝဋ်လိုက်သာများလားလို့"။ ထိုအခါ ဆရာကြီးက "အဲသလိုတော့ မဟုတ်ပါဘူးကွယ်။ သူတို့ လူပြည်မှာနေဖို့ သလောက်ပဲ ကံပါလာလို့ပါကွယ်"ဟု မိအေးကို နှစ်သိမ့်ရသည်။ ဆရာကြီးစိတ်ထဲတွင်ကား ပလီ တိုင်းသာ ဝဋ်လိုက်ကြေးဆိုရင် မိအေးအဖို့ ဝဋ်လိုက်ရန် အကြောင်းမရှိ။ တိုင်းနိုင်ငံနှင့်ချီ၍ လိမ်လည်နေသူတွေ ပလီနေသူ တွေသာ ဝဋ်လိုက်၍ ငရဲအိုးဇောက်ထိုး ကျဖို့ရန်ရှိသည်ဟု အတွေးဝင်မိလေသည်။

ဇော်မင်း (လူ့ဘောင်သစ်)
၁ဝ ရက် ဖေဖဝါရီလ ၂ဝဝ၉ ခုနှစ်

Remarks: Author allowed BDD to reprint